Home
မြန်မာသတင်း
မြင်းမူနှင့် မုံရွာတွင် တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေ
DVB
·
June 15, 2024

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်နဲ့ မုံရွာ-မန္တလေးလမ်းပေါ်မှာ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခံရလို့ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းက မြင်းမူမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့လို စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၁ ယောက် ဒဏ်ရာရသွားတယ်လို စွန်ရဲ Revolution Force ဆီကနေ သိရပါတယ်။

စွန်ရဲ Revolution Force ရဲ့တာဝန်ခံတယောက်က “မြင်းမူမြိုပေါ်က ခွေးတွေတပ်စွဲထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို လက်ပစ်ဗုံးနဲ့ပစ်ခဲ့တာပါ။ လက်ပစ်ဗုံးက ခွေးတွေနေတဲ့ဘန်ကာထဲကျပြီး ခွေး ၂ ကောင်သေတယ် ၁ ကောင် ဒဏ်ရာပြင်းထန်သွားတယ်ဗျ” ပြောပါတယ်။

အမည်မဖော်လိုတဲ့ မြင်းမူမြို့ခံတယောက်က “စီးပွားရေးဘဏ်ဘက်ကိုတော့ Ambulance တွေ သွားတယ်။ သူတို့ စစ်သားတွေတိုက်ခိုက်ခံရပြီး မကြာပါဘူး၊ မြို့ပေါ်မှာ အစစ်အဆေးတွေကြမ်းတယ်။ ပြည်သူ အဖမ်းအဆီးခံရတယ်တော့မကြားမိဘူး” ပြောပါတယ်။

အဲဒီ တိုက်ခိုက်မှုကို စွန်ရဲ Revolution Force နဲ့ Black Hero Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ မြင်းမူ မြန်မာ့စီးပွားရေးဘဏ်ကို ရုံးချိန်အတွင်း ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြောခွင့်မရှိဘူးလို့ ဘဏ်ဝန်ထမ်းတယောက်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဇွန် ၁၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က မန္တလေး-မုံရွာလမ်းပေါ်မှာ ကြေးနီတင်ယာဉ်တန်းနဲ့ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေကို မနက် ၈ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို စစ်သား ၂ ယောက် သေဆုံးခဲ့​တယ်လို့ သိရပါတယ်။

Area 71 Peoples Defense Force ရဲ့ တာဝန်ရှိသူတယောက်က “ကြေးနီတင်လာတဲ့ ကားတွေလာတဲ့အချိန် ၄ စီးမြောက်ကားကို ပထမအလုံးကို ခွဲမယ်လုပ်တော့ Express တစီး ဖြတ်သွားလို မခွဲလိုက်ရဘူး။ အဲဒီနားမှာရှိနေတဲ့ခွေးတွေက ကျနော်တို့ အဖွဲ့ကို မြင်သွားလို့ လိုက်ပစ်တာ” ​ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ပေမယ့် Area 71 Peoples Defense Force တပ်ဖွဲ့ဝင်ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး ကျန်နေတဲ့ရဲဘော်တွေက ဒုတိယမိုင်းကို ထပ်မံ ဖောက်ခွဲခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ရေးမှာပါဝင်ခဲ့တဲ့ Area 71 Peoples Defense Force တပ်ဖွဲ့ဝင်တယောက်က “ကျန်နေတဲ့ရဲဘော်တွေက ကြေးနီတင်လာတဲ့ယာဉ်တန်းရဲ့ ၅ စီးမြောက်ကားနဲ့ လမ်းပေါ်ထွက်လာတဲ့ ခွေးတွေကို ဒုတိယမိုင်းထပ်ခွဲလိုက်လို တွဲကားလည်းထိသွားတယ်။ ခွေး ၂ ကောင်လည်း နေရာမှာတင် ပွဲချင်းပြီးသေတာကို မြင်ခဲ့တယ်” လို့ ပြောပါတယ်။

မန္တလေး-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီရဲ့ ကြေးနီတင်ယာဉ်တန်းတွေ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်ကလည်း ကြေးနီတင်ယာဉ်တန်းတွေအတွက် စစ်သားအင်အား တိုးမြှင့်ချထားတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013