Home
မြန်မာသတင်း
ဝိုင်းမော် စစ်ဘေးရှောင်များ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေ
DVB
·
June 15, 2024

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက နောင်းချိန်းကျေးရွာအုပ်စုထဲက စစ်ရှောင်စခန်း ၁၃ ခု ဖွင့်လှစ်ထားရပြီး စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်အထိ တိုးလာနေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မတ် ၇ ရက်နေ့က စတင်လိုက်တဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ မြစ်ကြီးနား- ဗန်းမော်လမ်းတလျှောက်က ထိုးစစ်အတွင်းမှာ ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်၊ နမ်ဆန်ယန်၊ အောင်မြေ ၁ နဲ့ ၂၊ ရွှေညောင်ပင် စတဲ့ကျေးရွာတွေက စစ်ရှောင်ပြည်သူ အယောက် ၈၀၀ ကျော် နောင်းချိန်းစစ်ရှောင်စခန်းမှာ တိမ်းရှောင်နေရပါတယ်။

အဲဒီနောက် မတ် ၁၈ ရက်မှာ ဝိုင်းမော်-လိုင်ဇာ လမ်းတလျှောက်ကို KIA က ထပ်မံတိုက်ခိုက်တဲ့အချိန် ဝူယန်၊ လဘန်၊ လမြန်၊ တန်ဘောင်၊ နောင်းဟီး စတဲ့ ကျေးရွာတွေနဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံတွေ ထပ်မံတိမ်းရှောင်လာကြတာကြောင့် စစ်ရှောင်ဦးရေ ၅၀၀၀ ကျော်အထိ ရှိနေပြီး နောက်ထပ်တိမ်းရှောင်လာမယ့်သူတွေ ရှိနိုင်သေးတယ်လို့ စစ်ရှောင်စခန်းကူညီပေးနေသူတဦးက ပြောပါတယ်။

“လူဦးရေ ၅၀၀၀ကျော်သွားပြီ။ နောင်းချိန်းထဲမှာပဲ  စခန်း ၁၃ ခုလောက်ရှိတယ်။ ကဇူး၊ ဒဘတ်၊ အောင်မြေ ၁၊ ၂ အဲ့တောက်လျှောက်ပေါ့။ ပြီးမှ ဝိုင်းမော်၊ လဘန်၊ ဝူယန် အဲ့တောက်လျှောက်ကျေးရွာက လဘန် မလိမုန်ရာဘက် တောက်လျှောက် ဟိုး နောင်ဟီးအထိ အကုန်လုံးရောက်လာပါတယ်။ ”

စစ်ဘေးရှောင်လူဦးရေ တိုးလာတာနဲ့အမျှ နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေပြီး NGO အဖွဲ့အစည်းအချို့နဲ့ ကချင်နှစ်ခြင်းအသင်းတော် (KBC) က ကူညီထောက်ပံ့ပေးနေတာတွေရှိပေမဲ့ လူဦးရေများတာကြောင့် မလုံလောက်ဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

ဒါ့အပြင် ရေတွင်း၊ အိမ်သာနဲ့ လျှပ်စစ်မီးတွေလည်း လိုအပ်နေပြီး ချက်ပြုတ်စားသောက်ဖို့အတွက် ထင်းမီးကို အသုံးပြုနေရတာကြောင့် ဘေးပတ်ဝန်းကျင်က သစ်တောတွေ ပြုန်းတီးလာတဲ့အတွက် အစားထိုးမီးဖိုတွေလည်း အရေးတကြီးလိုအပ်နေတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

“ယာယီစစ်ဘေးရှောင်ကျတော့ အခုက အဓိကက အစားအသောက်ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ ရောက်ရောက်ချင်း ရောက်တဲ့သူကို နာမည်ပေးရင်ကတော့ ဆန်တအိတ်ပေးတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ စားရေးသောက်ရေးကတော့ နေ့စဉ်နဲ့အမျှ ဆန်၊ ဆီ၊ ဆား လိုအပ်နေပါတယ်။ NGO တွေနဲ့ KBC ကလည်း shelter တွေ ဆက်လက်ထောက်ပံ့နေပါတယ်။ ဒါပေမဲ့ ရေတွင်း၊ အိမ်သာနဲ့ မီး အရမ်းပဲ ခက်ခဲနေကြပါတယ်။ အဓိက ပိုပြီးလိုတာက ကျနော်တို့ လူဦးရေများလာတော့ အိမ်တိုင်းလည်း ထမင်းဟင်း ချက်စားရတော့ မီးဖိုထဲမှာ ထင်းပြဿနာဖြစ်နေပါတယ်။ ကျနော်တို့ ဘေးပတ်ဝန်းကျင်ရှိတဲ့ သစ်ပင်တွေလည်း အကုန်လုံးပြုန်းတီးနေပြီ။ ဖြစ်နိုင်ရင် ကျနော်တို့က စပါးခွံမီးဖိုတို့၊ လွှစာမုန့်မီးဖိုတို့ အဲ့လိုမျိုးရနိုင်ရင်တော့ ပိုအဆင်ပြေတာပေါ့။”

လက်ရှိအချိန် ဝိုင်းမော်မြို့နယ်အတွင်းက ကျေးရွာတွေသာမက မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံတွေအပါ နောင်းချိန်းကျေးရွာအုပ်စုဘက်မှာ သွားရောက်တိမ်းရှောင်နေရတဲ့အပြင် ဂွေထုကျေးရွာဘက်အထိ စစ်ရှောင်တွေ ရောက်ရှိနေကြပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို KIA သိမ်းပိုက်ထားလိုက်ပြီးတော့ ဝိုင်းမော်မြို့တွင်း ရပ်ကွက်တွေအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ တိမ်းရှောင်နေရတာပါ။

လက်ရှိအချိန်ထိလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲ ဖြစ်သလို စစ်ကောင်စီကနေ လေကြောင်းအပြင် မြစ်ကြီးနား အမြောက်တပ်ကနေပါ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ကူနေတာ ဖြစ်ပါတယ်။

ဟန်န

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024