Home
မြန်မာသတင်း
မြန်အောင်၊ နေပြည်တော်နှင့် ပုသိမ်တွင် ဖုန်းအတွင်း VPN အသုံးပြုသူများကို စစ်တပ်က ဖမ်းဆီး ဒဏ်ရိုက်
DVB
·
June 14, 2024
photo Crd-မင်းမင်း

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ စစ်ကောင်စီတပ်က မနေ့ ဇွန် ၁၃ ရက်က လက်ကိုင်ဖုန်းတွေထဲမှာ VPN (Virtual Private Network) ဆော့ဖ်ဝဲ တွေ့ရှိတာကြောင့် လူ ၂၀ ခန့်ကို ဖမ်းဆီး ဒဏ်ရိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်အောင်မြို့နယ်မှာ နေခြည်ဈေး အပါအဝင် လူစည်ကားတဲ့ လမ်းဆုံး လမ်းခွ နေရာတွေမှာ ဇွန် ၁၃ ရက်က လမ်းသွားလမ်းလာတွေနဲ့ ဈေးသူ၊ ဈေးသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်နဲ့ ပူပေါင်းအဖွဲ့တွေက စစ်ဆေးခဲ့ပြီး VPN ဆော့ဖ်ဝဲတွေ့ရှိသူ အယောက် ၂၀ ခန့်ကို ဖမ်းဆီးဒဏ်ရိုက်ခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “မနေ့က စစ်တပ်ပါတဲ့ ပူးပေါင်းအဖွဲ့က စစ်ဆေးတာ။ လက်ကိုင်းဖုန်းအတွင်းကနေ VPN ဆော့ဖ်ဝဲ တွေ့ရှိလို့ဆိုပြီး ဖမ်းတာ။ လူတွေကို ဖမ်းခေါ်ပြီး မြို့နယ်စည်ပင်သာယာရုံးကို ဖမ်းဆီးခေါ်သွားတာ။ ဟိုပို့မယ် ဒီပို့မယ် ဆိုပြီး ခြောက်တာ၊ လူတဦးကို ငွေ ၁ သိန်းနှုန်း ဒဏ်ငွေပေးဆောင်စေခဲ့ပြီး ပြန်လွှတ်ပေးခဲ့တာ” လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်မှာ တချို့ စစ်ဆေးခံရတဲ့လူငယ်တွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်က ပြန်မပေးဘဲ သိမ်းယူထားလိုက်ပြီး ဖုန်းပြန်ပေးရရင် ထောင် ၃ နှစ် ချမှတ်ခံရမယ်လို့ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

မြန်အောင်မြို့ခံတယောက်က “ရွာဘက်က ကောင်လေး ၂ ယောက်ရဲ့ ဖုန်းကို စစ်ကောင်စီတပ်က ပြန်မပေးတာ။ အမတို့နဲ့ အိမ်နီးချင်းလေ၊ ဖုန်းအသိမ်းခံရတဲ့ ကလေး ၂ ယောက်က။ အမတို့ အပါအဝင် အရပ်သားတွေက တရက်လေးမှ စိတ်အေးအေးမနေရဘူး။ ဒီရက်ထဲ ခပ်စိပ်စိပ် စစ်ဆေးနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မြန်အောင်မြို့နယ်မှာ ဇွန် ၁၃ ရက်က စတင်ပြီး VPN ဆော့ဖ်ဝဲ အသုံးပြုတာ ရှိ မရှိကို လမ်းဆုံ လမ်းခွတွေမှာ စစ်ဆေးတာအပြင် လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေအထိပါ ဝင်ရောက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်ကလည်း ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ လက်ကိုင်ဖုန်းအတွင်း VPN ဆော့ဖ်ဝဲ အသုံးပြုသူ ဒေသခံ ၇ ယောက်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးခဲ့သေးတယ်လို့ ဆိုပါတယ်။

နေပြည်တော်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာလည်း ဇွန် ၁၂ ရက်လောက်က စတင်ပြီး ခရီးသွားပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး VPN တွေ့ရှိပါက ဖမ်းဆီးအရေးယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို မစစ်တာကြာပြီ။ ဒီရက်ပိုင်းမှ ပြန်စစ်လာတာ။ ဖုန်းထဲမှာ VPN တွေ တွေ့ရင် ဖမ်းမယ်။ ထောင် တနှစ် ချလို့ရတယ်ဆိုပြီးလည်း ပြောနေကြတယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း  ဇွန် ၁၂ ရက်က စတင်ကာ လမ်းသွားတဲ့ ပြည်သူတွေ ဖုန်းတွေမှာ VPN ထည့်သွင်းအသုံးပြုမပြု စစ်ကောင်စီတပ်က မြို့တွင်းနေရာတွေမှာ စစ်ဆေးနေတယ်လို့ ပုသိမ်မြို့ခံက ပြောပါတယ်။

ပုသိမ်ဟိုတယ်ရှေ့၊ ပုသိမ်တံတားနဲ့ ပုသိမ်မြို့တဘက်ကမ်း နေရာတွေမှာ သွားလာနေတဲ့ ပြည်သူတွေ ဖုန်းအတွင်း VPN အသုံးပြုခြင်းရှိမရှိ စစ်နေတာလို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ နေထိုင်သူတဦးက “ပုသိမ်ဟိုတယ်ရှေ့၊ တံတားအောက်တွေမှာ စစ်နေတာ အခု နှစ်ရက်ရှိပြီ။ သူတို့ VPN သုံးမသုံး ဖုန်းတွေစစ်တာ။ လူငယ်တွေ အဓိကထားစစ်တယ်။ VPN တွေ့လို့ ၅ ယောက်လောက် အဖမ်းခံရတယ်” လို့ DVB ကို ပြောပါတယ်။

VPN တွေ့လို့ အဖမ်းခံရသူတွေကို အခုဒဏ်ရိုက်တယ်လို့ သိရပြီး နောက်ပိုင်း ဖမ်းမယ့် သဘောရှိကြောင်း ပုသိမ်မြို့မှ တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

ပုသိမ်မြို့ တဘက်ကမ်းမှာ နေထိုင်သူတဦးက “ဟိုဘက်ကမ်းမှာလည်း စစ်တယ်၊ ဖုန်းထဲ VPN ရှိမရှိ စစ်နေတယ်။ ဆိုင်ကယ်တားစစ်တာ၊ တွေ့တဲ့သူတွေ ခေါ်သွားတယ် ကြားရတယ်” လို့ DVB ကို ပြောပါတယ်။

ပုသိမ်မြို့မှာ စစ်ကောင်စီက ဆိုင်ကယ်လိုင်စင် စစ်ဆေးတာတွေကို မြို့တွင်းနေရာတွေနဲ့ မြို့အဝင်နေရာတွေမှာ စစ်ဆေးနေပါတယ်။

မြန်မာနိုင်ငံအတွင်း  Facebook အပါအဝင် လူသုံးများတဲ့ လူမှုကွန်ရက်တွေကို အသုံးပြုဖို့အတွက် အင်တာနက်လိုင်းတွေကို VPN နဲ့ချိတ်ဆက် အသုံးပြုနေရတာဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာစသိမ်းကတည်းက ဖြစ်ပါတယ်။ 

ဒါပေမဲ့ အခုနှစ်ဇွန်လဆန်းပိုင်းက စတင်ပြီး နိုင်ငံအတွင်း ဆိုရှယ်မီဒီယာတွေအထူးသဖြင့် Facebook အသုံးပြုမှုအတွက် စစ်ကောင်စီက ပိုမိုတင်းကျပ်ပြုလုပ်နေရာမှာ အခုဆိုရင်တော့ ဖုန်းအတွင်း VPN တွေနဲ့ချိတ်ဆက်ကာ  Facebook အသုံးပြုသူတွေကို စစ်ဆေးဖမ်းဆီးနေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013