ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်ထဲမှာ ၂၀၂၄ ဇွန်လ ၁၃ ရက် တနေ့တည်း စိတ်ကြွဆေးပြား ၁၃,၁၀၀,၀၀၀ စံချိန်တင် ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မြောက်ပိုင်း လမ်းဖွန်းခရိုင် လိမြို့နယ်ထဲမှာ ဇွန် ၁၃ မနက် ၇ နာရီလောက်က ဟိုင်းလပ်စ်ကား ၂ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၁၂ သန်း ဖမ်းမိတယ်လို့ လမ်းဖွန်းခရိုင်ရဲတပ်ဖွဲ့ ရဲမှုးချုပ် ဝိချား ကန်ထားဆုခ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မနေ့မနက်က လိမြို့နယ်ပါဖိုင်အုပ်စု ဖဟွန်ယိုးထင်းအဝေးပြေးလမ်းမကြီးပေါ်ရှိ ဝမ်းဒင်စစ် ဆေးရေးဂိတ်မှာ တာဝန်ရှိသူတွေက မသင်္ကာဘွယ်ဟိုင်းလပ်စ်ကား ၂ စီးကို တားဆီးစစ်ဆေးခဲ့တယ်။
ကားနှစ်စီးမှာ တစီးက တိုယိုတာဟိုင်းလပ်စ် နောက်တစီးကတော့ တိုယိုတာအီဇူးစူးဖြစ်ပြီး နှစ်စီးလုံး နောက်ခန်းကိုသံတိုင်နဲ့ကာရံကာ သေတ္တာငယ်တွေတင်လာကာ ယာဉ်မောင်းက အဲဒီ သေတ္တာတွေဟာ ပျားမွေးမြူရေးမှာအသုံးပြုဖို့ဖြစ်တယ်လို့ ပြောပေမဲ့ တာဝန်ရှိသူတွေက မသင်္ကာလို့ ဖွင့်ဖောက်စစ်ဆေးရာမှာတော့ စိတ်ကြွဆေးတွေဖြစ်နေတာလို့ ဆိုပါတယ် ။
သေတ္တာ ၁ လုံးစီမှာ စိတ်ကြွဆေးပြား ၁ သန်းစီပါရှိတာကြောင့် စုစုပေါင်း ၁၂ သန်း ဖမ်းဆီးရမိခဲ့ပါတယ်။ ကားသမားက သူတို့ဟာ အဲဒီအထုတ်တွေကို မယ်ဟောင်ဆောင်ခရိုင် ပိုင်းမြို့နယ်ကနေ အဖိုးအခ ဘတ် ၅၀၀၀၀ နဲ့ အငှါးသယ်ဆောင်ခဲ့ကြောင်း၊ ဖုံးထဲကနေတဆင့် ဆက်သွယ်စေခိုင်းလာတာကြောင့် အဲဒီလူဟာ ဘယ်သူလဲဆိုတာမသိရပါဘူးလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက ယာဉ်မောင်း နိုင်းချန်းနရုန်း ( ၃၇ နှစ် ) နဲ့ နိုင်းဆာလာဝတ် ( ၄၉ နှစ် ) တို့နှစ်ဦးကို မူးယစ်မှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ကွင်းဆက်တွေလည်း ဆက်လက် ဖော်ထုတ်အရေးယူသွားမယ်လို့ ပြောပါတယ်။
ဇွန်လ ၁၃ ရက် တနေ့တည်းမှာပဲ နောက်ထပ်စိတ်ကြွဆေးပြား ၁,၁၀၀,၀၀၀ ကို ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ်သတင်းမှာ ဖော်ပြပါတယ်။
ဇွန် ၁၃ ရက် ည ၉ နာရီခွဲလောက်က ချင်းရိုင်းခရိုင် ကျိန်းဆဲန်နဲ့ ချင်းရိုင်းမြို့နယ်ကြား မဲ့ကျန်းမြို့နယ် ထာ့ခေါက်ပလိုတ်စစ်ဆေးရေးဂိတ်က တာဝန်ရှိသူတွေဟာ အထုတ်တွေတင်ဆောင်လာတဲ့ မော်တော်ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးခဲ့တယ်။
တာဝန်ရှိသူတွေက အထုတ်တွေ ဖောက်ကြည့်စစ်ဆေးစဉ် ဆိုင်ကယ်သမား ၂ ဦးက ဆိုင်ကယ်ကိုအရှိန်မြင့်မောင်းထွက်သွားပြီး မှောင်ရိပ်ထဲပျောက်ကွယ်သွားတယ်လို့ ဆိုပါတယ် ။
ဆိုင်ကယ်ပေါ်တင်လာတဲ့အထုတ်ပေါင်း ၈ ထုတ်ရှိပြီး အထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၁၁၀၀၀၀ ( တစ်သန်းနဲ့တစ်သိန်း ) ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိကြောင်း တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောသွားပါတယ်။
Source: ChiangMai News/ Maesai Press
Photo- ChiangMai News