၄၃ ဒီဂရီဆဲလ်စီးယပ်ရှိတဲ့ အပူလှိုင်းကြောင့် ခရီးသွားနေရာတွေနဲ့ ကျောင်းတွေကို ဂရိနိုင်ငံက ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
ဂရိနိုင်ငံဟာ ဒီနှစ်နွေရာသီမှာ အပူလှိုင်းကျရောက်တဲ့အရေးနဲ့ ရင်ဆိုင်နေရပြီး အေသင်မြို့မှာ ဆေးခန်းတွေထားပြီး ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
မြောက်အာဖရိကကလာတဲ့ ဖုန်တွေနဲ့ တောင်လေပူတိုက်ခတ်မှုက အပူချိန် ၄၃ ဒီဂရီဆဲလ်စီးယပ်အထိ တိုးလာမယ်လို့ ခန့်မှန်းထားကြပါတယ်။
အပူလှိုင်းကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ အခရိုပိုလစ် မြို့ဟောင်းကိုလည်း နေ့လယ်ကနေ ညနေ ၅ နာရီအထိ ပိတ်ထားလိုက်ပါတယ်။
အခြေခံကျောင်းတွကို ၂ ရက်ကြာ ပိတ်ထားဖို့ စီစဥ်ထားပြီး နိုင်ငံအဝန်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ဖို့လည်း ပြင်ဆင်ထားပါတယ်။
ဂရိနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က တောမီးကြောင့် အပူချိန်မြင့်တက်ခဲ့သလို အချိန်အခါမဟုတ် မိုးရွာမှုတွေလည်း ဖြစ်ပွားခဲ့လို့ စံချိန်တင် ရေကြီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနက် ဂရိနိုင်ငံဟာ ရာသီဥတုဒဏ်ကို အဓိကခံနေရတဲ့နိုင်ငံ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဥရောပတောင်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ပေါ်တူဂီ၊ ပြင်သစ်၊ စပိန်နဲ့ အီတလီနိုင်ငံတို့လည်း တောမီးကြောင့် သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း နွေရာသီ အပူလှိုင်းကြောင့် စံချိန်တင် အပူချိန်မြင့်ခဲ့လို့ ဥရောပမှာ လူပေါင်း ၆၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
Source-Reuters