ဗင်နီဇွဲလားအကျဉ်းထောင် အနည်းဆုံး ၁၆ ခုက အကျဉ်းသားတွေဟာ အကျဉ်းထောင် အခြေအနေနဲ့ သူတို့ရဲ့ တရားခွင် စစ်ဆေးမှုတွေကို သုံးသပ်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေကို ကန့်ကွက်ဆန့်ကျင်တဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြနေကြကြောင်း အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်း ၂ ခုက ဇွန် ၁၃ ရက်မှာ လူမှုကွန်ရက်မှာ ရေးသား ဖော်ပြပါတယ်။
“ဥပဒေနဲ့အညီ လိုက်နာမှုကလွဲလို့ တခြား ဘာကိုမှ မတောင်းဆိုပါဘူး” လို့ အရေးပေါ် လူ့အခွင့်အရေးဆိုင်ရာ NGO စုပေါင်းအဖွဲ့မှ အဖွဲ့ဝင် မာသာ ဂရာဂျာလ်က ပြောပါတယ်။
လူတော်တော်များများက သူတို့ရဲ့ ပြစ်ဒဏ်တွေကို ကျခံပြီး သူတို့ရဲ့ လွတ်လပ်ခွင့်ကို မပေးခဲ့ကြဘဲ တခြားသူတွေကတော့ သူတို့ရဲ့ ပြစ်ဒဏ် ၇၅ ရာခိုင်နှုန်းလောက်ကို ကျခံပြီးတော့ လွတ်ငြိမ်းသက်သာခွင့်တွေ ရနေကြတာလို့လည်း ဆိုပါတယ်။
တချို့လူတွေဟာ တရားခွင်စတင်ဖို့ကို စောင့်ဆိုင်းနေရတာ ၇ နှစ်ကျော်ပြီဖြစ်ပြီး သူတို့ဟာ ပဏာမကြားနာမှုတောင် မလုပ်ရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီလူတွေကို သိက္ခာမဲ့တဲ့ အခြေအနေတွေနဲ့ ချုပ်နှောင်ထားပါတယ်လို့လည်း မာသာ ဂရာဂျာလ်က ပြောပါတယ်။
အကျဉ်းသားတွေရဲ့ ဆွေမျိုးတွေကလည်း ကာရာကာ့စ်ရှိ တရားရုံးအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပြီး အကျဉ်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ အကျဉ်းထောင်အခြေအနေတွေ ပိုမိုကောင်းမွန်လာစေဖို့ တောင်းဆိုခဲ့ကြပါတယ်။
အကျဉ်းသားတယောက်တည်းအတွက် မဟုတ်ဘဲ တနိုင်ငံလုံးက အကျဉ်းသား အတော်များများအတွက် တောင်းဆိုတာပါလို့ အကျဉ်းသား နာယာရစ်ထ် အယ်ရိုက်ပါရဲ့ ဆွေမျိုးသားချင်းတယောက်က ပြောပါတယ်။
သူတို့ရဲ့ အကျိုးခံစားခွင့်တွေကို ချိုးဖောက်ခံနေရတာ ဖြစ်ပြီး လုပ်ထုံးလုပ်နည်း နှောင့်နှေးမှုတွေနဲ့ အနည်းဆုံး အမှုပေါင်း ၅၀ ရာခိုင်နှုန်းကို ပြန်သုံးသပ်ပြီး အမှုတိုင်းကို ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုပါကြောင်းလည်း ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံရှိ အကျဉ်းထောင်တွေမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေထဲမှာ ကျန်းမာရေး အခြေအနေ ညံ့ဖျင်းမှုနဲ့ အစာရေစာ ပြတ်လပ်မှုတို့က များပြားနေပါတယ်။
ဇွန် ၉ ရက် ကတည်းက အကျဉ်းထောင် အများအပြားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကို မှတ်တမ်းယူထားပါတယ်။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဗင်နီဇွဲလားရဲ့ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
သပိတ်မှောက်မှုတွေ ရှိနေတဲ့ကြားကပဲ သမ္မတ နီကိုးလပ်စ် မာဒူရိုဟာ ဇွန် ၁၁ ရက်မှာ နိုင်ငံရဲ့ အချုပ်အခြာအရေးဆိုင်ရာ အကြီးအကဲနေရာမှာ ဟူလီယို ဇာပါကို ခန့်အပ် အစားထိုးခဲ့ပါတယ်။
Source-Reuters