စစ်ကောင်စီက နှစ်နိုင်ငံကုန်ပစ္စည်းချင်း တိုက်ရိုက်ဖလှယ်တဲ့ Barter System- BAT ကို ကျင့်သုံးမယ်လို့ ၂၀၂၄ မေလကုန်ပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ စစ်ကောင်စီက ဘာကြောင့် ဘာတာစနစ်ကို ပြန်အသက်သွင်းခဲ့တာလဲ၊ ဒီစနစ်မှာ ဘယ်လို အားသာချက် အားနည်းချက်တွေရှိလဲ၊ နိုင်ငံစီးပွားရေးအခြေအနေတွေ ယိုယွင်းနေတဲ့ အချိန်မှာ ဘာတာစနစ်ကို ကျင့်သုံးရင် ဘယ်သူတွေ ထိခိုက် နစ်နာနိုင်မလဲဆိုတာတွေ သိရဖို့ သွင်းကုန်-ပို့ကုန်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင် ဝါရင့်စီးပွားရေးပညာရှင်တဦးကို DVB သတင်းထောက် ဝေဝေက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး - စစ်ကောင်စီက Barter System ကို ဘာကြောင့် တဖန်အသက်သွင်းလိုက်တာ ဖြစ်နိုင်ပါသလဲ။
ဖြေ - “Barter System ကို သုံးတဲ့အတွက်ကြောင့်မို့လို့ ငွေကြေးမလိုဘူး။ နိုင်ငံခြားငွေမလိုဘဲ လဲနိုင်တယ်ပေါ့။ အဓိက ကတော့ ဒီလိုသဘောတရားပါပဲ။ မြန်မာနိုင်ငံမှာက နိုင်ငံခြားငွေ စစ်ကောင်စီမှာ ရှားပါးနေတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံခြားငွေပေးပြီး မဝယ်နိုင်တဲ့အခါကျတော့ ဒီဘာတာစနစ်ကို အစားသွင်းတယ်လို့ ယူဆရတယ်ပေါ့။ အဲဒီအခါကျတော့ Barter System ဆိုတာက သူ့ပစ္စည်းကိုယ်ယူ ကိုယ့်ပစ္စည်းသူ့ပေးပါ။ ကိုယ်လိုချင်တဲ့ ပစ္စည်းပေါ့၊ ဒါပေမဲ့ တကယ့် တကယ်ကျတော့ သူ့ပစ္စည်း ကိုယ့်ပစ္စည်း တန်ဖိုးသင့်တာချင်း လဲလှယ်ကြတာပေါ့။ လတ်တလောအနေနဲ့ကတော့ နိုင်ငံခြားငွေ ပေးစရာမလိုဘူးပေါ့။”
မေး- ဘာတာစနစ်ကို ကျင့်သုံးရင် အခွန်ကင်းလွတ်ခွင့်တွေလည်း ရနိုင်တယ်လို့ ပြောလာတာ ရှိပါတယ်။ ဒါကရော ဘယ်လိုကြောင့်ဖြစ်မလဲ။
ဖြေ- “Barter System နဲ့ ကုန်သွယ်မှုစနစ်မှာကျ Tax က တွက်ဖို့ခက်တယ်လေ။ အခွန်တွက် မယ်ဆိုရင်လေ ဘယ်ပစ္စည်း ဘယ်လောက်လဲတယ်ဆိုတာ ကုန်သည်ပဲသိမှာ။ အဲတာဆို အခွန်တွက်ဖို့ ရချင်မှ ရမှာလေ။ သို့သော် တဖက်ကရလာတဲ့ ကုန်ပစ္စည်းတွေရောင်းချတဲ့အခါ အခွန်ကို တွက်လို့ ရချင်ရနိုင်ပေမဲ့ နိုင်ငံအချင်းချင်းလဲလှယ်တဲ့ ကုန်ပစ္စည်းကျ အခွန်ရချင်မှ ရမှဆိုတော့ ကင်းလွတ်ခွင့်ပေးလိုက်ပါတယ်ဆိုတဲ့သဘောပေါ့။”
မေး- သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်တွေဘက်က လက်ရှိမြန်မာနိုင်ငံ အခြေအနေမှာ အရည်အသွေးမြင့် ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့က ခက်ခဲတော့ ဒီဘာတာ စနစ်က လုပ်ငန်းရှင်တွေအတွက် အဆင်မပြေနိုင်ဘူးလို့ ပြောဆိုထားတာရှိပါတယ်၊ ဆရာ့သဘောထားကရော ဘယ်လိုရှိပါသလဲ။
ဖြေ- “မှန်ပါတယ်၊ Barter System အရ ကျနော်တို့ကုန်ပစ္စည်းတွေက တဖက်လူရဲ့ ဈေးကွက်ထဲကို ရောက်သွားတာပေါ့။ တနည်းအားဖြင့် ကျနော်တို့မှာ ပိုက်ဆံမရှိတော့ ကျနော်တို့ရဲ့ ကုန်ပစ္စည်းတွေကို ဈေးနှိမ်မှာပေါ့၊ ကိုယ်က တချိန်ကလို ငွေကြေးရှိတယ်ဆို ကိုယ့်ပစ္စည်းကို တင်းတင်းရောင်းနိုင်တာပေါ့။ အဲလိုမဟုတ်ရင် ကိုယ့်ပစ္စည်းကို ဈေးလျော့ပြီး ရောင်းရတာပေါ့။ ဥပမာ- ကိုယ့် ကြက်သွန် ၁ ပိဿာနဲ့ သူတို့ဆီက အီလက်ထရောပစ္စည်းလဲကြမယ်ဆိုပါစို့။ သူတို့ဘက်က မရဘူး ကြက်သွန် ၁ ပိဿာခွဲနဲ့ပဲ ရမယ်ဆိုတာမျိုးပြောလာတယ်။ သူတို့က သိနေတယ်လေ ဒီဘက်က ပိုက်ဆံမပေးနိုင်ဘူးဆိုတာ သိနေတော့၊ ကိုယ့်ဘက်က ပိုပြီးပစ္စည်းတွေ ပေးလိုက်ရတာမျိုး ဈေးနှိမ်ပြီး အဝယ်ခံရတာမျိုးက သေချာပေါက် ဖြစ်နိုင်တယ်။”
မေး- အရင် အရပ်သားအစိုးရလက်ထက်မှာကတည်းက ဒီဘာတာစနစ်ကို အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်ဆရာ။ အခုတခေါက် စစ်ကောင်စီ အသက်သွင်းတဲ့ စနစ်နဲ့ ဘာကွာခြားပါသလဲ။
ဖြေ- “အရင်ကတည်းက သုံးတော့ သုံးတယ်။ ဒါပေမဲ့ ပစ္စည်းတိုင်းကို သုံးတာတော့မဟုတ်ဘူး။ ပြီးတော့ သုံးခဲ့တဲ့အချိန်တုန်းကလည်း ကိုယ့်ဘက်က အရည်အသွေးလည်း မြင့်တယ် ဈေးတခု သတ်မှတ်တယ်၊ ဒီလိုဈေးမသတ်မှတ်ပေးဘဲ ရောင်းတာ ဝယ်တာမဟုတ်ဘူးပေါ့။ သတ်မှတ်ထားတဲ့ quality သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ ဘာတာစနစ်ကို သုံးတာပေါ့။ နိုင်ငံတိုင်းမှာလည်း ရှိပါတယ်၊ ဒါပေမဲ့ အခုက အဲဒီအခြေအနေမဟုတ်ဘူးလို့ ယူဆရပါတယ်။ နိုင်ငံခြားငွေလျော့နည်းလို့ ရှိတဲ့ဟာတွေအကုန် ဘာတာစနစ်ကို သွားတယ်ဆိုရင်တော့ ကျနော်ထင်တယ် မြန်မာကုန်သွယ်ရေး အရှုံးပြနိုင်တယ်။”
မေး - အဲဒီတုန်းက ဘာတာစနစ်မှာ ဘယ်လိုကုန်ပစ္စည်းတွေမှာပဲ အသုံးပြုခဲ့တာလဲ။
ဖြေ - “ဘာတာစနစ်လုပ်ခဲ့တဲ့ဟာမှာ ပစ္စည်းတချို့ကိုပဲ လုပ်ခဲ့တာပါ။ ပစ္စည်းအားလုံးကို မဟုတ်ဘူး။ အဓိကကတော့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေပါပဲ။ အဲဒါတွေမှာ လုပ်ခဲ့တာပါ။”
မေး - ဒီတိုင်း မဖြစ်မနေ သုံးရမယ်ဆိုရင် ထိခိုက်မှုအများဆုံးက ဘယ်သူတွေဖြစ်နိုင်မလဲ။
ဖြေ- “အဲဒါကတော့ ကုန်သွယ်မှုလုပ်တဲ့ ကုန်သည်တွေက အများဆုံးဖြစ်မှာပေါ့နော်။ ကုန်သည်တွေနဲ့ နောက်ဆုံးကတော့ ပစ္စည်းထုတ်လုပ်တဲ့သူတွေပေါ့။ ကျနော်တို့က စိုက်ပျိုးရေး ထွက်ကုန် များတာကိုး။ စိုက်ပျိုးရေးထွက်ကုန်တွေ များတော့ စိုက်ပျိုးထုတ်လုပ်တဲ့သူတွေမှာ ထိခိုက်နစ်နာတာပေါ့။ အထူးသဖြင့် တောင်သူလယ်သမားတွေပေါ့။ နောက်ဆုံး မဖြစ်မနေ လုပ်ရမယ်ဆို တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားက အများကြီး ဆုတ်ယုတ်နိုင်တယ်။”
မေး - ဒီလိုတိုင်းပြည်အခြေအနေနဲ့ ဘာတာစနစ်ကို အကောင်အထည်ဖော်တော့ ကုန်သည်တွေက လိုက်လုပ်နိုင်ပါ့မလား၊ အောင်မြင်နိုင်ပါ့မလားပေါ့နော်။
ဖြေ - “ဘာတာစနစ်ကို လိုက်လုပ်ဖို့ ဆိုတာကလည်း ကုန်သွယ်ရေးလမ်းကြောင်း ပွင့်ဖို့လိုတာပေါ့နော်။ အဲဒီတော့ ဘာတာစနစ် ဘယ်လိုပဲလုပ်သည်ဖြစ်စေ အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေက ပွင့်နေဖို့ လိုအပ်တယ်လေ။ ဘာတာစနစ်ပဲ လုပ်လုပ် သာမန်ရောင်းဝယ်တာပဲ လုပ်လုပ် နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတော့ ပွင့်ကိုပွင့်မှပေါ့။ အခု သိတဲ့အတိုင်း နယ်စပ်ကုန်သွယ်ရေးစခန်းတွေဆိုတာက ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်ဘက်က စခန်းတွေထဲမှာ တော်တော်များများမှာ ပိတ်နေကြပြီပေါ့။ ဒီဟာတွေအတွက်က တကယ်လုပ်မယ်ဆို နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ပွင့်မှကိုရမယ်။ မပွင့်ဘဲနဲ့တော့ ဘာတာစနစ်မှမဟုတ်ဘူး၊ တခြားကုန်သွယ်ရေးတွေလည်း လုပ်လို့ရမှာမဟုတ်ဘူး။”
မေး - ၂၀၁၅ လောက်မှာ အိန္ဒိယဘက်က မြန်မာနဲ့ ဘာတာစနစ်အရ ကုန်သွယ်မှုကို ရပ်လိုက်တယ်လို့ သိရတော့ ဘာကြောင့်လဲ ဆရာ၊ ဒီစနစ်မှာ အားနည်းချက် အားသာချက် ဆိုတာမျိုးက ဘာတွေဖြစ်မလဲ။
ဖြေ - “ကျနော်တို့က ဒီစနစ်ကို လုပ်တဲ့အတွက် အားသာချက်က စပြောရရင် နိုင်ငံခြားငွေ မလိုဘူးပေါ့။ သူများပစ္စည်းလိုချင်တာကို နိုင်ငံခြားငွေ ပေးစရာမလိုဘူး၊ ကိုယ့်ပစ္စည်း ပေးလိုက်ရုံပဲပေါ့။ ဒါကတော့ အားသာချက်ပေါ့။ နိုင်ငံခြားငွေ နိုင်ငံအပြင်ကို မထွက်ဘူးပေါ့။ အားနည်းချက်ကတော့ တခါတလေမှာ ကိုယ့်ဆီကပစ္စည်းက အရည်အသွေးနိမ့်ကျတယ်ဆို သူတို့က နှိမ်ဝယ်ယူတာဟာမျိုးပေါ့။ နောက်တခုက သူတို့ဆီက ကိုယ်ရလာတဲ့ပစ္စည်းက ကိုယ်လိုချင်တဲ့ပစ္စည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့။ အဲဒါကိုလည်း တွေ့ကြုံနိုင်တယ်။ နောက် ပစ္စည်းကို တခုချင်း နှစ်ခုချင်း ဝယ်လို့မရနိုင်ဘူး၊ ခွဲခြမ်းစိတ်ဖြာပြီး ဝယ်လို့မရနိုင်ဘူး။ တခုလုံးစာကိုပဲ ဝယ်ရတာ။ အပုံလိုက်ကြီး ဝယ်ရတာပေါ့။ ကိုယ့်ဆီမှာ လိုတာမဟုတ်ဘဲ ပိုနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”
မေး - လက်ရှိ တိုင်းပြည်ထဲက စီးပွားရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်တာရှိပါသလဲ ဆရာ။
ဖြေ - “ဟိုတရက်က NUG ဝန်ကြီးနဲ့ ရှောင်တာနယ်လ်တို့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလို ငွေစက္ကူတန်ဖိုး ဘီလီယံ ၃၀,၀၀၀ ကျော် ရိုက်ထုတ်တယ်ဆိုပြီး ထုတ်ပြန်တယ်။ ငွေတွေ ရိုက်ထုတ်တယ်ဆိုတာက ငွေကြေးဖောင်းပွစေတဲ့သဘောပဲ။ စီးပွားရေးမှာ သီအိုရီရှိတယ်လေ၊ Fisher’s theory of money P= MV / T. P ဆိုတာ price ဟိုးတုန်းကတည်းကရှိတာ P တိုးရင် M တိုးမှာပဲ။ ဒီအီကွေးရှင်းမှာ velocity နဲ့ transaction က ပုံမှန်အနေအထားအရပဲ ရှိတယ်ဆိုရင် M ကို တိုးလာတာနဲ့ အမျှ P သည် အလိုအလျောက် တိုးနေမှာဆိုတာ Economic Theory မှာ ရှိပြီးသား။ နောက် ဈေးကွက်တွေကို မဟုတ်တရုတ် စည်းကမ်းတွေ ၃၅/၆၅ လိုမျိုးပေါ့၊ ဒါတွေက မလုပ်သင့်တာတွေ။ နောက်ပြီးတော့ အရင်တုန်းက market orientated တနည်းအားဖြင့်ဆို free market ထားခဲ့တဲ့ ဒေါ်လာဈေးတွေပေါ့၊ အခုချိန်မှာ ၂,၁၀၀ သတ်မှတ်တော့ ဘယ်သူ ၂,၁၀၀ နဲ့ လုပ်လို့လဲ၊ အဲတော့ free market ပြန်ထားမယ်ပြောတယ်။ free ဆိုတော့လည်း တကယ် free လား ဆိုတော့ မဟုတ်ဘူး။ အဲဒီတော့ ဈေးတွေက ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့။”
ဖြေကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။
ဝေဝေ