ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်၊ လန်စစ်မြို့မှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU)နဲ့ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၂၅ ဦး အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ ကာယကံရှင်အလုပ်သမားတွေက ပြောပါတယ်။
မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားသူဌေးနဲ့ ဆောက်လုပ်ရေးဆိုဒ်တခုမှာ အလုပ်သမားပွဲစား (ဖိုးလမောင်း) မှတဆင့် တလနီးပါးလုပ်ကိုင်ခဲ့ပြီး လုပ်ခလစာမရရှိခဲ့ဘူးလို့ ကာယကံရှင်အလုပ်သမားတွေက ပြောပါတယ်။
မြန်မာအလုပ်သမားတွေကို သူဌေးပေးရမယ့် လုပ်ခလစာမှာ အမျိုးသားတဦး ဘတ် ၁၈၀၀၊ အမျိုးသမီးတဦး ဘတ် ၁၅၀၀၊ စုစုပေါင်း ၂၅ဦး ဘတ် ၄၃၅၀၀ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ကာယကံရှင်အလုပ်သမားတဦးက “ဖိုးလမောင်းက အလုပ်စမက်အတွက် ကျနော်တို့ဆီမှ တယောက် ဘတ် ၂၀၀၀ စီကောက်တယ်။ ကျနော်တို့အလုပ်ရပြီး လုပ်အားခမပေးဘူး။ အခုလက်ရှိမှာတော့ ကျနော်တို့ ပတ်စပို့တွေကို ပေါင်ထားရပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေရတာပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ဖိုးလမောင်းမှ ကမ္ဘောဒီးယားသူဌေးနဲ့ ပူးပေါင်းကာ အလုပ်သမားတွေရဲ့ ဘဏ်စာအုပ်ကို အသုံးပြုပြီး အွန်လိုင်းလောင်းကစားပြုလုပ်တယ်လို့ ကာယကံရှင်အလုပ်သမားတွေနဲ့ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့တွေ ဆီမှသိရပါတယ်။
အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့(WAG)မှ ကိုမုန်တိုင်းက “ဖိုးလမောင်းက သူဌေးနဲ့ ပေါင်းပြီး အလုပ်သမားတွေကို ထိုင်ဖန်နစ်နဲ့ ကာစီကွန် ထိုင်းဘဏ်ကတ်တယောက် ၂ ကတ်စီဖွင့်ပေးတယ်။ အလုပ်သမားတွေရဲ့ ဘဏ်အကောင့်ထဲကို ဘတ်ငွေ ၈ သိန်းဝင်လာတယ်။ အဲဒါတွေက အလုပ်သမားတွေရဲ့ လုပ်အားခမဟုတ်ဘဲ အွန်လိုင်းလောင်းကစားကနေ ဝင်လာတဲ့ငွေ ဖြစ်နေတယ်။ ကျနော်တို့ဘက်က ပထုံဌာနီပုလိပ်ရုံးမှာ အမှုဖွင့်ပြီး ဘဏ်အကောင့်တွေ ပိတ်ထားလိုက်ပြီ” လို့ ပြောပါတယ်။