Home
မြန်မာသတင်း
ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်၌  ဒေသခံများကို NUG ၊ PDF ထောက်ပံ့မှုဖြင့်  စွပ်စွဲဖမ်းဆီး
DVB
·
June 14, 2024

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUG နဲ့ PDF တွေကို ဆက်သွယ်ထောက်ပံ့တာကြောင့်လို့ စွပ်စွဲပြီး အရပ်သား ၃၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ မေ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်း ဟင်္သာတ၊ ငပုတော၊ မအူပင်၊ လေးမျက်နှာ၊ ရွှေသောင်ယံ၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဝါးခယ်မ၊ ဖျာပုံ စတဲ့မြို့နယ်တွေက ဒေသခံအရပ်သားတွေ အများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “မြေပြင်မှာ အခုထက် ဖမ်းဆီးခံရတာတွေလည်း ရှိနိုင်တယ်။ တလအတွင်း ဧရာဝတီတိုင်းထဲက အရပ်သား ၃၁ ယောက်ကို တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ PDF, NUG တွေကို ဆက်သွယ်ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာ။ နယ်မြေအုပ်ချုပ်ရေးမှူးတွေက သတင်းပေးလို့ အဖမ်းခံရတာလို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်အရွယ် အမျိုးသား ၁၉ ယောက်နဲ့ အသက် ၁၉ နှစ်နဲ့ ၂၂ နှစ်အရွယ် အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဖြစ်ပြီး တောင်သူလယ်သမားတွေရဲ့ သားသမီးတွေ အများဆုံးပါတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မော်လမြိုင်ကျွန်းမြို့ခံတယောက်က “မော်လမြိုင်ကျွန်းက ၃ ယောက်တောင် အဖမ်းခံခဲ့ရတာ။ ကောင်လေးတွေချည်းပဲ PDF တွေကို ဆက်သွယ် ထောက်ပို့ လုပ်တယ်ဆိုပြီး ဖမ်းတာ၊ ၁၂ ရက်နေ့က အဖမ်းခံရတာတဲ့။ အုပ်ကြီးတွေက သတင်းပေးလို့ အဖမ်းခံရတာ။ ရဲစခန်းမှာထားတယ်လို့ပဲ သိရတယ်” လို့ ပြောပါတယ်။

အဲဒီ ဖမ်းဆီးခံရသူတွေထဲက တချို့ကို စစ်တပ်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ) စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားပြီး အမှုဖွင့်မခံရသေးတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာလည်း PDF ထောက်ပံ့တယ်ဆိုပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက်၊ တောလေးပိုင်းမှာနေတဲ့ ဦးမြအောင်နဲ့ မစုမြတ်ရတနာအောင် တို့သားအဖကို ဇွန် ၁၃ ရက် ညနေ ၅‌ နာရီကျော်လောက်က PDF ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ သားအဖ ၂ ဦးရဲ့ အိမ်ရှေ့မှာနေတဲ့ ကိုရှိုင်းကိုလည်း စစ်ကောင်စီတပ်သားတွေက PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ‌ဇွန် ၁၄ ရက် မနက် ၁ နာရီလောက်မှာ ထပ်မံဖမ်းဆီးခဲ့ပါတယ်။

ရဲစခန်းနဲ့ နီးစပ်သူတဦးက “ဦးမြအောင်နဲ့ သူ့သမီး‌တို့က သထုံဘက်က PDF တွေကို ပစ္စည်းပို့ပေးတယ်ဆိုပြီး ဖမ်းတာပါ။ သူတို့ကို ဘယ်လိုသိသွားလဲဆိုတော့ သူတို့ပစ္စည်းပို့နေကြ ကားသမားကို ဖမ်းမိတာကတဆင့် သိသွားတာပါ။ စုမြတ်ရတနာအောင်ရဲ့ ခင်ပွန်းကော မောင်ကပါ PDF တပ်ဖွဲ့ဝင်တွေပဲ။ သူတို့အိမ်ရှေ့က ကောင်လေးက အဲဒီအချိတ်တွေနဲ့ပဲ ထပ်ဖမ်းသွားတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မစုမြတ်ရတနာအောင်ရဲ့ ခင်ပွန်းအနေနဲ့ ရဲစခန်းမှာ လာအဖမ်းခံပါက မစုမြတ်ရတနာအောင်ကို ပြန်လွှတ်ပေးမယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

“ယောကျ်ားလာအဖမ်းခံရင် သူ့မိန်းမကို ပြန်လွှတ်ပေးမယ်ဆိုပြီး စစ်သားတွေနဲ့ ရဲတွေက အိမ်ကိုလာပြောသွားတယ်။ တကယ်အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေပဲ။ သူတို့ကို တရားစွဲထားလား မစွဲထားဘူးလား ဆိုတာတော့ သေချာမ‌သိသေးဘူး။ လာဖမ်းသွားတုန်းကတော့ PDF ထောက်ပို့တယ်ဆိုပြီး ပြောသွားတာပဲ။”

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတဦးတို့ကို ကျိုက်ထိုမြို့မရဲစခန်းမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၈ ရက်ကလည်း ကျိုက်ထို ကော့စံနိုင်ရပ်ကွက်မှာ ကင်းလှည့်တဲ့ စစ်ကောင်စီတပ်သားတွေက အရက်ထိုင်သောက်နေတဲ့ အမျိုးသားတဦးကို ပစ်သတ်ပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသလို အပြန်အလှန် ဖမ်းဆီးမှုတွေလည်း ရှိနေပြီး စစ်ကောင်စီက မြို့တွင်း လုံခြုံရေးတင်းကျပ်ကာ ဆိုင်ကယ် ၂ ယောက်စီးခွင့်လည်း ပိတ်ပင်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013