Home
မြန်မာသတင်း
မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ မခိုင်ဇာအောင်ကို နော်ဝေအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ဆုချီးမြှင့် 
DVB
·
June 14, 2024
Photo Crd- Hans-Erik Skjæggerud - YS

မြန်မာ့အလုပ်သမားအရေး လုပ်ရှားသူ အမျိုးသမီးတဦးဖြစ်တဲ့ မခိုင်ဇာအောင်ကို နော်ဝေအခြေစိုက် အလုပ်သမားများ သမဂ္ဂအဖွဲ့ချုပ် တခုက ၂၀၂၄ ခုနှစ်အတွက် Arthur Svensson’s International Prize ဆုကို  အခု ဇွန်လ ၁၂ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွက် ရဲရင့်သောအလုပ်သမား သမဂ္ဂခေါင်းဆောင်ဆုကို မြန်မာနိုင်ငံက မခိုင်ဇာအောင်ကို ရွေးချယ်ပေးအပ်ခဲ့တာပါ။

အခုလို ဆုရွေးချယ်ခဲ့တာနဲ့ပတ်သက်လို့ ဆုရွေးချယ်ရေးအဖွဲ့က တာဝန်ရှိသူ Espen Luren က “ သူမရဲ့ ဦးဆောင်မှုအောက်မှာ အထည်ချုပ်စက်ရုံက  အလုပ်သမား သမဂ္ဂတွေကို စည်းရုံးနိုင်ခဲ့ပြီး အများစုက ငယ်ရွယ်တဲ့ အမျိုးသမီး တွေဖြစ်တယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သူမက ပြည်ပကို ထွက်လာခဲ့ရပြီး ဥရောပနိုင်ငံတွေနဲ့ နိုင်ငံတကာမှာ မြန်မာ့ အလုပ်သမား သမဂ္ဂအရေး အပြင် စစ်အာဏာရှင်တွေနဲ့ပတ်သက်ပြီး  ဖိုရမ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ပြောခဲ့ပြီး နိုင်ငံတကာ အဖွဲ့စည်းတွေကို ဖိအားတွေပေးနိုင်ခဲ့တယ်။ ပြီးတော့ EU နိုင်ငံမှာ မြန်မာစစ်တပ်ကို အထောက်ပံ့ဖြစ်နေတဲ့ နိုင်ငံတကာ ထုတ်ကုန် အမှတ်တံဆိပ်တွေကို စွန့်ခွာဖို့ လှုပ်ရှားမှုတွေ လုပ်နိုင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အခုဆုကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ အခြေနေတွေကို ပြန်လည် အာရုံစိုက်လာနိုင်ဖို့မျှော်လင့်ပြီး EU အပါအဝင် နိုင်ငံတကာမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားတွေကို ပိတ်ဆို့ဒဏ်ခတ်နိုင်အောင် ထပ်ပြီး ကြိုးစားသွားဖို့ရှိတယ်လို့လည်း မခိုင်ဇာအောင်က ပြောကြားထားပါတယ်။ 

ဒီဆုဟာ ကမ္ဘာတဝန်းမှာ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမားသမဂ္ဂအခွင့်အရေးတွေကို  မြှင့်တင်ပေးဖို့နဲ့ ခိုင်မာအားကောင်းလာအောင်လုပ်ဆောင်ပေးဖို့   နှစ်စဉ် ရွေးချယ်ချီးမြှင့်တာ ဖြစ်ပြီး ဆုငွေပမာဏကတော့ အမေရိကန်ဒေါ်လာ ၄၇၀၀၀ နဲ့ညီမျှတဲ့ နော်‌ဝေ ခရိုနာငွေ ၅ သိန်း ရရှိခဲ့တာဖြစ်ကာ  အလုပ်သမား သမဂ္ဂတွေနဲ့ အလုပ်သမား သမဂ္ဂအခွင့်အရေးတွေကို နိုင်ငံတကာမှာ မြှင့်တင်နိုင်ဖို့နဲ့ ခိုင်မာအားကောင်းစေဖို့ ရည်ရွယ်ပြီး သုံးစွဲသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မခိုင်ဇာအောင်ဟာ အသက် ၁၆ နှစ်အရွယ်တည်းက ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ကတည်းက သူမက သမဂ္ဂလှုပ်ရှားမှုတွေမှာ တက်ကြွစွာလှုပ်ရှားခဲ့သူဖြစ်တယ်။ 

၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ အပြောင်းလဲဖြစ်ချိန်မှာ သူဟာမြန်မာနိုင်ငံကို ပြန်သွားပြီး မကြာခင်မှာပဲ မြန်မာနိုင်ငံစက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်နဲ့ အလုပ်သမားများ သမဂ္ဂများအဖွဲ့ချုပ်မှာ ခေါင်းဆောင်ဖြစ်လာတယ်။

အဲဒီဆုချီးမြှင့်ပေးအပ်ပွဲအခမ်းနားမှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ နော်ဝေနိုင်ငံမှာရှိတဲ့ အဖွဲ့စည်းတွေက  လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေနေတွေကို ရှင်းလင်းပြောကြားခဲ့သလို နော်ဝေ အစိုးရ အဖွဲ့က တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့ကြပါတယ်။ 

အောင်ကျော် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013