ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာရှိနေတဲ့ စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတာကြောင့် ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာအချို့ဟာ ဇွန်လ ဒုတိယပတ်ထဲကနေစပြီး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်ရင်းတွေကနေ အတွဲလိုက်ဒုံးတွေနဲ့ပစ်တာ၊ ဒရုန်းတွေလွှတ် ပစ်ခတ်တာတွေ ရှိလာတာကြောင့် တခြားမြို့နယ်တွေဘက်ကို တိမ်းရှောင်လာကြရတယ်လို့ ပေါက်တောမြို့နယ် ကြိမ်ခွေမော် ဒေသခံတဦးက ပြောပါတယ်။
“ဇွန် ၁၀ ရက်နေ့ ရွာထဲကို လက်နက်ကြီးတွေကျတယ်။ ဘုရားသိကြားမလို့ပဲ ပြောရမလား ကျလာတဲ့အလုံးတိုင်းက မပေါက်ကွဲခဲ့ဘူး။ ရွာပြင်မှာကျတဲ့ တလုံးတော့ ပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်။ အဲ့နေ့ကစပြီး ရွာမှာ ဘယ်သူမှ မနေရဲကြတော့ ခုလိုပဲ ရွာကနေ ထွက်လာကြရတာ။”
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကလည်း စစ်ကောင်စီတပ်ကနေ တိုက်လေယာဉ်၊ ဒရုန်းတွေကနေ ဗုံးကြဲခဲ့တာကြောင့် ပေါက်တောမြို့နယ် အမှတ် ၁ ရပ်ကွက် အပါအဝင် လက်ပံပြား၊ သဝင်ချောင်းကျေးရွာက ဒေသခံ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
ပေါက်တောအပြင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း စစ်တွေမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေကနေ အခုရက်ပိုင်းတွေအတွင်း လှမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် ကျွဲထိုး၊ သလူမော်၊ ခမောင်းတော၊ အောင်ဇေယျ၊ ကန်ချောင်း စတဲ့ကျေးရွာက ကျေးရွာသားတွေဟာ ရွာကနေ တိမ်းရှောင်ခဲ့ကြရတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းဒေသခံတဦးက “တချို့ကျေးရွာတွေကနေ ကျေးရွာမှာ မနေရဲကြတော့ နီးစပ်ရာတွေဆီ ထွက်သွားကြပြီ။ ကျန်တဲ့ရွာတွေကလည်း ရှောင်ဖို့စဉ်းစားနေကြတယ်။ အခုတောင် ဒီအတိုင်း လှမ်းပစ်နေတာဆိုတော့ စစ်တွေမှာ တိုက်ပွဲဖြစ်လာရင် လက်နက်ကြီးတွေ ကျလာမှာ ပိုစိုးရိမ်ရတယ်။ နယ်နိမိတ်ချင်းကလည်း သိပ်မဝေးတော့ စစ်ဘေးက ထပ်ရှောင်ကြရဦးမယ်ထင်တယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိခဲ့ပြီဖြစ်တဲ့ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်ရှိအချိန်ထိ မိမိဒေသတွင်း ပြန်လည်နေထိုင်နိုင်မှု မရှိသေးတဲ့သူတွေလည်း အများအပြား ရှိနေသေးသလို ပြန်လည်နေထိုင်နေပြီဖြစ်တဲ့ ဒေသခံတွေထဲက တချို့ဟာလည်း ခုလို လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တာတွေ ရှိနေတာကြောင့် ထပ်မံတိမ်းရှောင်ရတာတွေ ရှိလာနေတာ ဖြစ်ပါတယ်။