ဂျာမန်ကလပ် ဒေါ့မွန်အသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း နူရီဆာဟင်ကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်ခဲ့ပါတယ်။
အသက် ၃၅ နှစ်ပဲရှိသေးတဲ့ တူရကီကစားသမားဟောင်း ဆာဟင်ဟာ ဒေါ့မွန် လူငယ်အသင်းကနေ ပေါ်ထွက်လာတဲ့ကစားသမားတဦးဖြစ်ပါတယ်။
ဆာဟင်ဟာ အခုနှစ် ဇန်နဝါရီလကတည်းက ထွက်ခွါသွားတဲ့နည်းပြချုပ် တာဇစ်ရဲ့ လက်ထောက်နည်းပြတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
နည်းပြတာဇစ်က အသင်းနဲ့ ရုတ်တရတ် လမ်းခွဲခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အသင်းကစားသမားဟောင်းလည်းဖြစ်၊ လက်ထောက်နည်းပြလည်းဖြစ်သူ နူရီဆာဟင်ကို ၃ နှစ်စာချုပ်နဲ့ ရာထူးတိုးပြီးခန့်အပ်ခဲ့တာပါ။
နူရီဆာဟင်ဟာ ဒေါ့မွန်အတွက် ပွဲပေါင်း ၃၀၀ နီးပါး ကစားခဲ့သူဖြစ်ပြီး တူရကီကလပ် အန်တယ်ယာစပေါ်အသင်းကို တာဝန်ယူခဲ့ပြီးနောက် အသင်းဟောင်း ဒေါ့မွန်အသင်းဆီကို လက်ထောက်နည်းပြအဖြစ် ပြန်လာခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်နည်းပြချုပ်ရာထူးကနေ တာဇစ်နုတ်ထွက်သွားခဲ့တာဟာ နောက်ခံလူ ဟမ်မဲလ်နဲ့ သက်ဆိုင် နေတယ်လို့သိရပါတယ်။ နည်းပြ အက်ဒင်တာဇစ်ဟာ မနှစ်က ဒေါ့မွန်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့သူပါ။
နည်းပြတာဇစ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်ခင်က နောက်ခံလူ ဟမ်မဲလ်နဲ့ စကားအခြေအတင်ဖြစ်ခဲ့ဖူးတယ်လို့ ဂျာမန်သတင်းစာ Bild ကဖော်ပြ ပါတယ်။
ဟေမ်မဲလ်ဟာ အသင်းရဲ့ နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး လူသိရှင်ကြားဝေဖန်ခဲ့တာကြောင့် နည်းပြ တာဇစ်နဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ခဲ့ပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ရတဲ့အထိဖြစ်လာခဲ့တာလို့ဆို ပါတယ်။
ဟမ်မဲလ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပေမဲ့ နည်းပြတာဇစ်နုတ်ထွက်သွား တာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးသွားဖို့ရှိတယ်လို့ ဂျာမန်မီဒီယာတွေကဖော်ပြခဲ့ကြ ပါတယ်။
အသက်၄၁နှစ်ရှိ နည်းပြတာဇစ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဒေါ့မွန်နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ကနေ ထွက်ခွါသွားချိန်အထိ နည်းပြချုပ်အဖြစ်တာဝန်ယူခဲ့ ပါတယ်။
Photo-Reuters