တက်စလာစီအီးအို အီလွန်မတ်စ်ခ်ကို စံချိန်တင်ပေးချေမှုအဖြစ် ဒေါ်လာ ၅၆ ဘီလီယံပေးဖို့နဲ့ ရုံးချုပ်ကို တက္ကဆက်ကို ပြောင်းဖို့ ရှယ်ယာရှင်တွေက ထောက်ခံခဲ့ပါတယ်။
ဒီပေးချေးဖို့ကိစ္စဟာ အစုရှယ်ယာရှင်တွေအတွက် မတရားဘူးလို့ ဒဲလ်ဝဲပြည်နယ် တရားရုံး တရုံးက ဆုံးဖြတ်ပြီး ဒီနှစ်အစောပိုင်းမှာ ဟန့်တားခဲ့ပါတယ်။
ဒါပေမဲ့ တရားရုံးက မူလပိတ်ပင်ပြီးသား ကိစ္စကို ပြန်မဲခွဲတာကို အတည်ပြုနိုင်ပါ့မလားဆိုတာ ဥပဒေပညာရှင်တွေကတော့ မေးခွန်းထုတ်ထားပါတယ်။
အဲဒီလိုပိတ်ပင်တာကို မကျေနပ်တဲ့အတွက် တက်စလာ ရုံးချုပ်ကိုပါ ဒဲလ်ဝဲပြည်နယ်ကနေ တက္ကဆက်ပြည်နယ်ကို ရွှေ့ဖို့ပါ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
“ေ-ာက်ရမ်းမိုက်တယ်၊ ကိုယ့်လူတို့အားလုံးကို ချစ်တယ်” လို့ မတ်စ်ခ်က တက္ကဆက်မှာကျင်းပတဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ အစု ရှယ်ယာရှင်တွေကို ပြောကြားခဲ့ပါတယ်။
မတ်စ်ခ်ကို ငွေသားအနေနဲ့ ပေးမှာမဟုတ်ဘဲ ကုမ္ပဏီ ရှယ်ယာ ၁၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အစုရှယ်ယာ သန်း ၃၀၀ လောက် ပေးမှာဖြစ်ပါတယ်။
ဒီပမာဏဟာ မနှစ်က အမေရိကန်မှာ ဝင်ငွေအကောင်းဆုံး စီအီးအိုရဲ့ ဆုကြေးထက်ကို အဆ ၃၀၀ ကျော်ပိုများပြီး ပျမ်းမျှစီအီးအိုတစ်ယောက်ရဲ့ ဆုကြေးထက် အဆ ၃,၀၀၀ ကျော်ပိုများပါတယ်။
ဒီပမာဏဟာ အရမ်းများတယ်ဆိုပေမဲ့ ၂၀၁၈ တုန်းက ရှယ်ယာပမာဏတစ်ရပ် ရင်းနှီးမြှုပ်နှံထား သူ တယောက်ဆိုရင် အခုခါ ၁၃ ဆ၊ ၁၆ စလောက် အမြတ်အစွန်း ရနေရင် ဒီလို ပေးရတာ တန်တယ်လို့ ထင်မိမှာပဲလို့ တက်စလာရဲ့ အနောက်ဥရောပဒါရိုက်တာဟောင်း တဦးဖြစ်သူ ဂျော့ချ်အဲလ်က ပြောပါတယ်။
တက်စလာဟာ မတ်စ်ခ်ရဲ့ ဦးဆောင်မှုအောက်မှာ မျှော်မှန်းထားတဲ့ အရောင်း၊ အမြတ်နဲ့ ရှယ်ယာ တန်ဖိုးကို ရောက်တဲ့အတွက် ဆုကြေးအဖြစ်ပေးတာဖြစ်သလို မတ်စ်ခ်အနေနဲ့ တက်စလာကုမ္ပဏီ ကို ဆက်လက်အာရုံစိုက်အောင် ချီးမြှင့်တာဖြစ်တယ်လို့ ဘုတ်အဖွဲ့က ဆိုပါတယ်။
Source-Reuters
Photo-Reuters