Home
မြန်မာသတင်း
ဝိုင်းမော်နှင့် ကသာတွင် လက်နက်ကြီးထိပြီး အမျိုးသမီး ၁ ဦးသေ၊ တချို့ ဒဏ်ရာရ
DVB
·
June 15, 2024

ကချင်ပြည်နယ်၊  ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်လို့ ဒေသခံ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်မှာလည်း လက်နက်ကြီး ထိမှန်လို့ ဒေသခံတွေ ဒဏ်ရာရသွားပါတယ်။

ဇွန် ၁၃ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့မှာရှိတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ဝိုင်းမော်မြို့နဲ့ ခတ်ချိုကျေးရွာကြားက မုတ်လွဲတံတားနားမှာ ကျရောက်ပေါက်ကွဲလို့ ဒေသခံ အမျိုးသမီး ၁ ယောက် ထိမှန် သေဆုံးခဲ့ပါတယ်။

ဒေသခံတယောက်က “ဝိုင်းမော်နဲ့ ခတ်ချိုကြားက မုတ်လွဲတံတားနားကို လက်နက်ကြီးကျည်ကျတာ။ အမျိုးသမီးက ဆိုင်ကယ် စီးလာတာ။ အဲဒါ လက်နက်ကြီးမှန်ပြီး သေသွားတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သူဟာ မခန္တီးကျေးရွာက ပန်းစိုက်တောင်သူလုပ်ငန်းလုပ်ကိုင်သူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ခတ်ချိုကျေးရွာ၊ လမ်းသွယ် ၁၂ ထဲမှာ ကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူ အမျိုးသား ၁ ယောက်သေဆုံး၊ ၆ ယောက် ထက်မနည်း ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဇွန် ၁၄ ရက် မနက် ၆ နာရီလောက်ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့နယ်၊ အောက်ဝဲကြီးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ထိတွေ့တိုက်ပွဲဖြစ်တာကြောင့် ခမရ ၃၀၉ တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လိုသိရပါတယ်။

ဝဲကြီး ဒေသခံတယောက်က “မနက်အစောပိုင်းမှာ လက်နက်ကြီးကျ လာတာမို့ ပြေးကြတာ။ လူ၊ နွား၊ ဝက် တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရကြတာ။ ကသာဆေးရုံကိုရောက်တာ လူ ၆ ယောက် လောက်ရှိတယ်” လို့ ပြောပါတယ်။

လက်နက်ကြီးကျည်ထိစ ထိမှန်ဒဏ်ရာရတဲ့ထဲမှာ လသားအရွယ် ကလေးငယ်တယောက်လည်းပါပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ပွဲချင်းပြီးသေဆုံးတယ်လို့ ဒေသခံတချို့က ပြောသလို တချို့ကလည်း အဲဒီအမျိုးသမီးရဲ့ ရင်ဘတ်မှာ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး ကသာ ပြည်သူ့ဆေးရုံမှာ ကုသနေတယ်လို့ ပြောပါတယ်။

ဆေးရုံနဲ့နီးစပ်သူတယောက်က “ဒဏ်ရာပြင်းတဲ့သူတွေတော့ မန္တလေးကို ပို့လိုက်တယ်။ ကသာ ဆေးရုံကို အရင်ရောက်လာတာက လင်မယား ၂ ယောက်။ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ လသားကလေး၊ ခေါင်းကိုထိတဲ့ အမျိုးသမီးက ၂ ယောက်၊ ၅ ယောက်တော့ရောက်လာတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရတဲ့ လင်မယားမိသားစုဟာ ဝက်လက်ဘက်ကနေ စစ်ဘေးရှောင်ရင်း အခုက ဒုတိယအကြိမ် စစ်ဘေးဒဏ်ကြုံရလို့ ဆေးရုံရောက်တာလို့သိရပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပါတယ်။

ကသာမြို့ခံတယောက်ကလည်း မနက် ၆ နာရီလောက်ကနေ လက်နက်ကြီးနဲ့ လက်နက်ငယ် ပစ်သံတွေ ဆက်တိုက်ကြားနေရပြီး နေ့လယ်အထိ ကြိုကြား ပစ်ခတ်နေခဲ့တယ်လို့ ပြောပါတယ်။

အောက်ဝဲကြီးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၊ ၈၀ လောက်က အမြဲ စစ်ကြောင်းထိုး လေ့ရှိတယ်လိုလည်း ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013