မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၀၀ ကျော်ကို ဒီကနေ့ ဇွန် ၁၅ မနက် ၂ နာရီခွဲမှာ ထောင်ပြောင်းရွှေ့သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ဆီက သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဝင် ကိုသိုက်ထွန်းဦးက “ပြောင်းရွှေ့ခံရတဲ့သူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား အများဆုံးပါတယ်။ အကျဉ်းထောင်မှာ ညွှန်မှူးကို ဆန့်ကျင်ဝေဖန်ထောက်ပြခဲ့တဲ့သူတွေ အဓိကပါတယ်။ အဲ မတိုင်ခင် ဆန္ဒပြတဲ့သူတွေ၊ ထောင်တွင်းသပိတ်တိုက်ပွဲတွေမှာ ဦးဆောင်ခဲ့တဲ့ သူတွေလည်းပါတယ်”လို့ ပြောပါတယ်။
ထောင်တာဝန်ခံတွေရဲ့ သိုသိုသိပ်သိပ်နဲ့ အရေးပေါ်ပြောင်းရွှေ့တာကြောင့် ဘယ်အကျဉ်းထောင်ကို ပြောင်းရွှေ့သွားလဲဆိုတာကို မသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။
“ကျနော်တို့ကိုယ်တိုင် တော်တော်နောက်ကျမှ သိတာ။ အကျဉ်းသားတွေကို ၂ နာရီ ခြေချင်းရိုက်ပြီး ၂ နာရီခွဲမှာ ပြောင်းရွှေ့မှုကို စလုပ်တယ်။ ကားနဲ့လာခေါ်ထုတ်သွားတယ်။ ရေကြောင်းနဲ့ ရွှေ့လိမ့်မယ်။ ဘယ်အကျေဉ်းထောင် ရွှေ့လဲဆိုတာကိုတော့ စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။
အခုလို အကျဉ်းထောင်ပြောင်းရွှေ့တာဟာ အကျဉ်းသားတွေကိုရော မိသားစုဝင်တွေကိုပါ ဒုက္ခရောက်အောင်လုပ်လိုက်တာဖြစ်ပြီး ထောင်တွင်းသပိတ် ဦးဆောင်တဲ့အကျဉ်းသားတွေကို ပြောင်းရွှေ့လိုက်တဲ့အတွက် ကျန်ရှိနေသူတွေ ထပ်မလုပ်ရဲအောင် ရည်ရွယ်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ကလည်း ကျိုက်မရောထောင်မှာ ထောင်အာဏာပိုင်တွေက အကျဉ်းသား ၁ ယောက် ကို အမိုးကာခိုင်းချိန် အမြင့်ပေ ၂၀ ကျော် အုတ်ရိုးအထက်ကနေ ဓာတ်လိုက်ပြုတ်ကျခဲ့သေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။
ဒါ့အပြင် ကျိုက်မရောအကျဉ်းထောင်မှာ အချိန်မီ ဆေးကုသခွင့်မရတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ၂ ယောက် သေဆုံးခဲ့ဖူးပြီး နိုင်ငံရေးအကျဉ်းသား ၂ ယောက်ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတဲ့အပေါ် မကျေနပ်တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြခဲ့ကြဖူးပါတယ်။