တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ဇွန် ၁၃ ရက်နေ့က စစ်ကောင်စီတပ်က ဒရုန်းနဲ့ မှားယွင်းဗုံးကြဲလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
သံတွဲမြို့နယ်၊ ငပလီမြို့၊ မဇင်လေဆိပ်အနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား ဇွန် ၁၀ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေကြတာဖြစ်ပြီး ငပလီအခြေစိုက် ခလရ ၅၅ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့က လေဆိပ်အနီးက စစ်ကောင်စီတပ်ကို မှားယွင်းပြီး ဒရုန်းနဲ့ ဗုံချလိုက်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် ထက်မနည်း သေဆုံးပြီးတော့ အများအပြားလည်း ထိခိုက်သွားတယ်လို သံတွဲမြို့နယ်က စစ်ရေးအခြေအနေ သိရှိသူတယောက်က ပြောပါတယ်။
“စစ်ကောင်စီဘက်က လေဆိပ်အနီးကတိုက်ပွဲတွေမှာ ဒရုန်းတွေနဲ့ အပြင်းအထန် ခုခံနေတာတွေရှိတယ်။ မှိုဟင်းပြင်ရွာအနီးက တိုက်ပွဲမှာ ခလရ ၅၅ မှာ အထိုင်ချထားတဲ့ ဒရုန်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်နေတဲ့နေရာကို အေအေတွေထင်ပြီး ဒရုန်းနဲ့ ဗုံးချလိုက်တာလို့ သိရတယ်။ စစ်ကောင်စီဘက်ကတော့ တပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေပြီးတော့ စစ်သား အများအပြားလည်း ထိခိုက်သွားတယ်လို့ တပ်တွင်းသတင်းတွေ အရသိရတယ်” လို့ ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာမှာ သံတွဲအခြေစိုက်စစ်ကောင်စီတပ်ရင်းဖြစ်တဲ့ ခမရ ၅၆၆ နဲ့ ၂ မိုင်လောက်ပဲ ဝေးတာကြောင့် စစ်ကောင်စီဘက်က တပ်ရင်းတိုက်ခိုက်မခံရဖို့ အပြင်းအထန် ခုခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲလေဆိပ်မှာလည်း စစ်ကောင်စီက ဗျူဟာမှူးကိုယ်တိုင်ကွပ်ကဲ ခံစစ်ပြင်ဆင်နေတာဖြစ်ပြီး သံတွဲမြို့က စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ဖြစ်တယ်လိုလည်း သံတွဲမြို့ခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီက သံတွဲကျမှာကို တော်တော်လေးကို စိုးရိမ်ပုံရတယ်။ ဘာဖြစ်လို့ ဆိုတော့ သံတွဲက ရခိုင်တောင်ပိုင်းမှာ စစ်ကောင်စီအတွက် နောက်ဆုံး ခံတပ်လိုဖြစ်နေတယ်။ အဲဒါကြောင့်လည်း သံတွဲလေဆိပ်မှာ စစ်ကောင်စီက ကာကင်းတွေ အခိုင်အမာတည်ဆောက်ပြီးတော့ ဗျူဟာမှူးကိုယ်တိုင် ကွပ်ကွဲပြီးတော့ အေအေရဲ့ထိုးစစ်ကို ခုခံနေတာလို့ သိရတယ်” လို့ ပြောပါတယ်။
သံတွဲမြို့နယ်မှာ ဧပြီ ၁၃ ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြတာဖြစ်ပြီး စစ်ကောင်စီက ရွှေလှေနဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းတွေဘက်ကို စစ်ကြောင်းထိုးခဲ့ပေမဲ့လည်း အေအေရဲ့ ထိုးစစ်တွေကြောင့် တပ်ရင်းတွေအနီးပြန်ဆုတ်ပြီး ခံစစ်ပြင်ဆင်နေကြရတာဖြစ်ပါတယ်။
စစ်ကောင်စီဟာ စစ်ရှုံးပြီးနောက် အရပ်သားကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေလုပ်လာပြီး သံတွဲမြို့နယ်မှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး အရပ်သား ၅၀ ထက်မနည်း သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က သံတွဲ၊ မောင်တောနဲ့ အမ်းမြိုနယ်တို့ကို သိမ်းပိုက်ရရှိနိုင်ဖို့အတွက် ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ခိုက်နေပြီး ရခိုင်တိုက်ပွဲ ၇ လအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ မြို့နယ် အထိ သိမ်းပိုက်ရရှိထားပြီးလည်း ဖြစ်ပါတယ်။