ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းက စစ်ကောင်စီ စစ်စခန်း ၄ ခုကို ထပ်ပြီး သိမ်းပိုက်နိုင်တယ်လို့ အာရက္ခတပ်တော် အေအေက ထုတ်ပြန်ပြီး ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တိုက်ပွဲအတွင်းပိတ်မိနေတဲ့ ပြည်သူ ၁,၀၀၀ ကျော်ကို အေအေက ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မောင်တောမြို့နယ်က တိုက်ပွဲအတွင်း မောရဝတီရေတပ်စခန်းက ဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကိုပါ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဇွန် ၁၄ ရက်နေ့က အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သိမ်းပိုက်ခဲ့တဲ့ စစ်စခန်း ၄ ခုကတော့ မောင်တောတောင်းပိုင်းက နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာနဲ့ နခေါင်းတိုစခန်း တို့ဖြစ်တယ်လို့ အာရက္ခတပ်တော် သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဆီက သိရပါတယ်။
အာရက္ခတပ်တော်အနေနဲ့ မောင်တောမြို့က စစ်ကောင်စီရဲ့ လက်ကျန်စခန်းတွေအားလုံးကို အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စစ်စခန်းတွေ တခုပြီးတခု သိမ်းပိုက်ရရှိခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူ ၁,၀၀၀ ကျော်ကို ဇွန် ၁၂ ရက်နေ့မှာ အေအေက ကယ်ထုတ်ပေးခဲ့တယ်လို အာရက္ခတပ်တော် အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
သံတွဲမြို့နယ်မှာ အာရက္ခတပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေလို့ ဆင်ခေါင်းရွာနဲ့ ဂေါ့ရွာတို့မှာ ပြည်သူ ၁,၀၀၀ ကျော်လောက်ပိတ်မိနေခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အဲဒီပိတ်မိနေတဲ့ပြည်သူတွေကို အာရက္ခတပ်တော် အေအေက ကယ်ထုတ်ပေးပြီး ဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့နေရာချထားပေးတယ်လို့ ဆိုပါတယ်။
သံတွဲမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် အေအေက ထိုးစစ်ဆင်တိုက်ခိုက်နေလို့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရွာသားတွေ ထွက်ပြေးဖို အခွင့်မသာဘဲ ရွာထဲမှာ ပိတ်မိနေခဲ့တာလို့ ပြောပါတယ်။
သံတွဲမြို့နယ်မှာ ဇွန် ၄ ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို အရပ်သားပြည်သူ ၄ ယောက်ထက်မနည်းသေဆုံး၊ အများအပြားဒဏ်ရာရရှိပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။