ဘိုလီးဗီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် အလ် အာလ်တိုမှာ ဓာတ်ဆီတွေကို တရားမဝင် ဈေးကွက်တွေမှာ မှောင်ခိုအရောင်းအဝယ် မလုပ်နိုင်စေဖို့ ဓာတ်ဆီဆိုင်တွေမှာ စစ်သားတွေကို လုံခြုံရေးတာဝန်ချထားပါတယ်။
ဇွန် ၁၄ ရက်မှာ ဘိုလီးဗီးယား အနောက်ပိုင်းမြို့ရှိ လောင်စာဆီဆိုင်ရဲ့ အပြင်ဘက်မှာ ထရပ်ကား တွေဟာ တန်းအရှည်ကြီးစီကာ စောင့်ဆိုင်းနေကြပြီး ထရပ်ကားမောင်းသူ မိဂွဲလ် ကွန်ဒိုရီကတော့ သူ တန်းစီနေတာ ၃ နာရီလောက် ကြာနေပြီလို့ ပြောပါတယ်။
ဒီဇယ်ရောင်းတဲ့ရက်တွေ ရှိသလို မရောင်းတဲ့နေ့တွေလည်း ရှိပြီး တခါတလေ ညအိပ် တန်းစီပြီး ဝယ်ရတယ်လို့လည်း ဆိုပါတယ်။
ဒီဇယ်မှောင်ခိုတွေကြောင့် စစ်တပ် စစ်ဆေးရေးဂိတ်တွေလည်းရှိပြီး မှောင်ခိုတွေကို ထိန်းချုပ် နေတာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
လောင်စာဆီလိုပဲ ဒေါ်လာငွေလည်း ရှားပါးလာတာကြောင့် သွင်းကုန်၊ ကုန်စည်တွေ မရှိတော့ဘူး လို့လည်း ထရပ်ကားမောင်းသူ ဝီလ်ဆင် ကို့လ်ကေက ပြောပါတယ်။
တောင်အမေရိကနိုင်ငံက ဆီဆိုင်တွေမှာလည်း လောင်စာဆီ သိုလှောင်ထားမှုတွေ လျော့နည်း လာချိန်မှာ ရုရှားသမ္မတ ပူတင်နဲ့ ဘိုလီးဗီးယားကို လောင်စာဆီရောင်းချဖို့ သဘောတူခဲ့ပြီ ဖြစ်ကြောင်း ဘိုလီးဗီးယားသမ္မတ လူးဝစ်စ်အာ့စ်က အခုသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဘိုလီးဗီးယားအစိုးရကတော့ လတ်တလော လောင်စာဆီပြတ်လပ်မှုအတွက် မှောင်ခို ရောင်းဝယ်မှု တွေကို အပြစ်တင်ထားပြီး မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း အဝေးပြေးလမ်းကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့တဲ့ ထရပ်ကားတွေနဲ့ ကုန်စည်ပို့ဆောင်ရေးသမားတွေကို အပြစ်တင်ထားပါတယ်။
Source-Reuters
Photo-Reuters