Home
မြန်မာသတင်း
ရွှေဘိုမြို့ပေါ်က ပြည်သူ ၅၀ ကျော် စစ်မှုထမ်းရန် ဖမ်းဆီးခံရ
DVB
·
June 15, 2024

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ဒေသခံပြည်သူ ၄၀ နီးပါးကို ဇွန် ၁၂  ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ဌာနဆိုင်ရာအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို ဒေသခံတွေဆီကနေ သိရပါတယ်။

ရွှေဘိုမြို့ခံတယောက်က “မြို့ပေါ်မှာ အခုရက်ပိုင်း အဖမ်းအဆီးတွေနဲ့ ပေါ်တာဆွဲတာတွေ အရမ်းများလာတယ်။ (ဇွန် ၁၂ ရက်) တညတည်း အဖမ်းခံရတာကို ၄၀ နီးပါးရှိတယ်။ အရင်ရက်တွေနဲ့ဆို ၅၀ ကျော် တာပေါ့။ နေရတာ ကိုယ့်ကိုယ်ကိုယ် မလုံခြုံတော့ဘူး။ လူ့အခွင့်အရေးဆိုတာလည်း မရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ၀င်တဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေဟာ မြို့ပေါ်က နေရာအနှံ့အပြားမှာ ပေါ်တာဆွဲတာတွေနဲ့ ညပိုင်းတွေမှာတော့ မြို့ပေါ်ရပ်ကွက်တွေထဲက နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်တယ်လို ဒေသခံတွေဆီကနေ သိရပါတယ်။

ရွှေဘိုမြို့က အသက် ၃၀ ကျော်အရွယ် အရောင်းဝန်ထမ်းတယောက်က “အသက် ၃၀ နဲ့ ၄၀ ကြား လူငယ်ပိုင်းတွေ အဖမ်းခံရတာများတယ်။ စစ်မှုထမ်းဖို့ တတိယအသုတ်အတွက် မြို့ပေါ်က ကျနော်တို့လို လူငယ်တွေပါသွားတာ မနည်းဘူးဗျ။ ကျနော်တို့ လူငယ်တွေမှာ အနာဂတ်ပျောက်နေပါပြီဗျာ” လို့ ပြောပါတယ်။

လူငယ်တွေအနေနဲ့ နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို ဆက်သွယ်ဝင်ရောက်ကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အင်အားလျော့နည်းလာတဲ့ စစ်သည်အင်အားကို အစားထိုးဖို့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပြည်သူတွေထဲက လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးပေါ်တာဆွဲပြီးနောက် ပထမအသုတ်နဲ့ ဒုတိယအသုတ် စစ်သင်တန်းပေးပြီး တတိယအသုတ်အတွက် တပ်သားသစ်စုဆောင်းနေတာလည်းဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013