Home
မြန်မာသတင်း
ဆေးရုံ ဆေးခန်း ၇၀၀ ကျော်ဖြင့် လူနာ ၁၁ သိန်းကျော်ကို NUG က ကုသစောင့်ရှောက်ခဲ့
DVB
·
June 16, 2024
Photo - စိုးမိုးနယ်မြေများရှိ ဆေးရုံများတွင် အသေးစား၊ အကြီးစား ခွဲစိတ်မှုများ ပြုလုပ်နေပုံ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဆေးရုံ၊ ဆေးခန်းနဲ့ ရွေ့လျားဆေးခန်းပေါင်း ၇၀၀ ကျော်မှာ ပြင်ပလူနာ ၁၁ သိန်းကျော်နဲ့ ကျောင်းသား ၁ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ်၊ ဧပြီ ၁၆ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆ ရက်ထိ ၃ နှစ်အတွင်း ဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ဆေးရုံ ၇၇ ရုံ၊ ဆေးခန်း ၃၇၇ ခုနဲ့ ရွေ့လျားဆေးခန်း ၂၅၀ ခု၊ စုစုပေါင်း ၇၀၄ ခုမှာ ကျန်းမာရေးစောင့်ရှောက် ဆေးကုသပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ခွဲစိတ်နာနဲ့ လွှဲပြောင်းကုသတာ၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပြည်သူ့ကျန်းမာရေးအဖြစ် ပြင်ပလူနာတွေကို ဆေးခန်းနဲ့ ရွေ့လျားဆေးခန်း၊ မိခင်၊ ကလေးနဲ့ မျိုးဆက်ပွားကျန်းမာရေး၊ ကျောင်းကျန်းမာရေး၊ ကူးစက်ရောဂါ (TB/HIV/Malaria) ထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံတာ၊ အာဟာရဖွံ့ဖြိုးရေး၊ ကျန်းမာရေးပညာပေးတာတွေကို လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်း ပြင်ပလူနာ ၁,၁၅၈,၃၇၇ ယောက်၊ အသေးစား အကြီးစား ခွဲစိတ်မှုပေါင်း ၄၀,၁၆၉ ခုနဲ့ လူနာလွှဲပြောင်း ပို့ဆောင်တာ ၄,၁၄၀ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ ဆေးရုံ၊ ဆေးခန်း ၇၀၀ ကျော်ရှိတဲ့အထဲက ၂၂၁ ခုဆီက သတင်းပေးပို့ထားတဲ့ အချက်အလက်တွေပဲဖြစ်လို့ မြေပြင်မှာ အမှန်တကယ် ကုသမှုခံယူခဲ့တဲ့ လူနာအရေအတွက်ဟာ ဒါထက် ၃ ဆကျော်လောက် ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်တုန်းက စစ်ကိုင်းဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ပြင်ပလူနာ ၁ သောင်းကျော်ကိုပဲ ကုသပေးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၁ သိန်းကျော်၊ ၂၀၂၃ ခုနှစ်မှာတော့ ၄ သိန်းကျော်အထိ ကုသစောင့်ရှောက်နိုင်ခဲ့တာကို အစီရင်ခံစာမှာ တွေ့ရပါတယ်။

ပြီးတော့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အယောက် ၂၃,၀၀၀ ကျော်၊ ရိုးရိုးမွေးဖွားတာ ၄၃,၀၀၀ ကျော်၊ ခွဲစိတ်မွေးဖွားတာ ၅,၀၀၀ လောက်၊ စုစုပေါင်း မွေးလူနာ ၄၈,၆၂၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်ကုသတာကို CDM ဝန်ထမ်းတွေနဲ့ အဓိက လည်ပတ်နေတာဖြစ်ပြီး တာဝန်ခံပေါင်း ၂၅၀ ကျော်၊ ဝန်ထမ်းပေါင်း ၅,၀၀၀ လောက်ဟာ ဝန်ကြီးဌာနနဲ့ လက်တွဲလုပ်နေကြပြီး ဖက်ဒရယ် ကျန်းမာရေးပညာရှင်များကောင်စီ၊ ကြားကာလ ဖက်ဒရယ်သူနာပြုနဲ့ သားဖွားကောင်စီ၊ ကြားကာလ ဖက်ဒရယ် တိရစ္ဆာန်ဆေးပညာကောင်စီ၊ ကြားကာလ ဖက်ဒရယ် ကျန်းမာရေးမှူးနဲ့ ကျန်းမာရေးကြီးကြပ်အသင်း စတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကရင်နီ၊ ကရင်၊ တနင်္သာရီ၊ ရှမ်းမြောက်၊ ချင်း၊ စစ်ကိုင်း၊ မကွေး စတဲ့ ဒေသတွေမှာ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြန်လည်စတင်နေသလို ရှေ့ပြေးစီမံကိန်းတွေလည်း အကောင်အထည်ဖော်နေပြီး ကရင်နီ၊ တနင်္သာရီ၊ ရှမ်းမြောက်၊ ချင်း၊ စစ်ကိုင်း၊ မကွေး ဒေသတို့က ကျောင်းပေါင်း ၉၆၀ ကျော်က ကျောင်းသား ၁၂၃,၀၀၀ လောက်ကို ကျောင်းကျန်းမာရေးဌာနက စောင့်ရှောက်မှုပေးနိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကလည်း ၃ နှစ်အတွင်းမှာ အကြိမ်ပေါင်း ၁၇၀,၀၀၀ ကျော် ကြည့်ရှုကုသပေးခဲ့ပြီး စိတ်ကျန်းမာရေးအထူးကုဆေးခန်းကလည်း ကုသပေးမှု အကြိမ်ပေါင်း ၃,၀၀၀ ကျော်လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့ မြေပြင်က ကျန်းမာရေးဝန်ထမ်းတွေကို တလ ကျပ် ၅ သောင်းနှုန်း ထောက်ပံ့ပေးနေပြီး ၂၀၂၃ ခုနှစ်မှာ ၉ လစာအတွက် ကျပ်သန်းပေါင်း ၁၆၀၀ ကျော် ချီးမြှင့်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အဲဒီ မြေပြင်ဝန်ထမ်းလစာ၊ CDM ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့တာအပါအဝင် ဒေသအသီးသီးက ကျန်းမာရေးလုပ်ငန်းတွေအတွက် ကျပ်ငွေ သန်းပေါင်း ၁၅,၀၀၀ ကျော် သုံးစွဲခဲ့ပြီး ဒီထဲမှာ နိုင်ငံတကာအထောက်အပံ့စာရင်းကို ထည့်သွင်းတွက်ချက်ထားတာ မရှိဘူးလို့ ဖော်ပြထားပါတယ်။

ပုံ - စိုးမိုးနယ်မြေများရှိ ဆေးရုံများတွင် အသေးစား၊ အကြီးစား ခွဲစိတ်မှုများ ပြုလုပ်နေပုံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013