Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်တွင် တိုးချဲ့ ကမ်းဦးရေတိမ်အသိအမှတ်ပြုရန် ကုလသမဂ္ဂသို့ ဖိလစ်ပိုင် တင်ပြ
DVB
·
June 16, 2024
Photo - REUTERS/Eloisa Lopez/File Photo

တရုတ်နိုင်ငံနဲ့ ပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ တိုးချဲ့ကမ်းဦးရေတိမ် (ECS) နယ်နိမိတ်တရပ် တရားဝင်အသိအမှတ်ပြုပေးဖို့ ကုလသမဂ္ဂမှာ ဖိလစ်ပိုင်နိုင်ငံက တင်ပြလိုက်ပါတယ်။ 

မိမိတို့ ပိုင်ဆိုင်တဲ့ ECS မှာ သဘာဝသယံဇာတတွေ ရှာဖွေ၊ အသုံးချဖို့ အထူးသီးသန့်အခွင့်အရေးကို ဖော်ပြခြင်းအားဖြင့် အနာဂတ် လုံခြုံမှုရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်ဘက်ကို မျက်နှာမူနေတဲ့ အနောက်ဘက် ပါလာဝန်ဒေသက တိုးချဲ့ကမ်းဦးရေတိမ်နယ်နိမိတ်ကို ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်ဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းအရ ရေမိုင် ၃၅၀ အထိ ပင်လယ်မျက်နှာပြင်အောက် ပင်လယ်ကြမ်းပြင်နဲ့ အောက်ခံမြေလွှာပါဝင်တဲ့ ကမ်းဦးရေတိမ် နယ်နိမိတ် ထူထောင်ပိုင်ခွင့်ကို အသုံးချတာလို့ ဆိုပါတယ်။ 

တရုတ်နဲ့ အငြင်းပွားခြင်းမရှိတဲ့ ဖိလစ်ပိုင်အရှေ့ဘက်ကမ်းမှာလည်း အလားတူ ကမ်းဦးရေတိမ် နယ်နိမိတ် မှတ်ပုံတင်တာကို ၂၀၁၂ တုန်းက ကုလသမဂ္ဂက အတည်ပြုပေးခဲ့ဖူးပါတယ်။ 

သမိုင်းအစဉ်အလာအရ တောင်တရုတ်ပင်လယ်တခွင်လုံး ပိုင်တယ်လို့ တရုတ်ပြည်မကြီးက ထုတ်ပြန်ထားပေမဲ့ အိမ်နီးချင်း ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ် တို့နဲ့ အငြင်းပွားနေပါတယ်။ 

ဒေါ်လာ ၃ ထရီလီယံ တန်ဖိုးရှိတဲ့ ကုန်သွယ်မှုတွေ နှစ်စဉ်ဖြတ်သန်းနေတဲ့ မဟာဗျူဟာမြောက် ရေလမ်းကြောင်းဟာ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယံဇာတတွေ ပေါကြွယ်ဝသလို ငါးသယံဇာတလည်း ပေါများပါတယ်။ 

တရုတ်ပြည်မက ပင်လယ်တခွင်လုံး ပိုင်တယ်လို့ ပြောနေတာဟာ ဥပဒေအရ အခြေအမြစ် မရှိဘူးလို့ အနုညာတ အငြင်းပွားမှုဆိုင်ရာ အမြဲတမ်းခုံရုံးက ၂၀၁၆ မှာ ဆုံးဖြတ်ခဲ့ပါတယ်။  

ဖိလစ်ပိုင်နဲ့ တရုတ်အကြား ရေပိုင်နက်ကိစ္စ တောက်လျှောက်ထိပ်တိုက်တိုးခဲ့ပြီး တရုတ် ကမ်းခြေစောင့်တပ်တွေက ဖိလစ်ပိုင်ရေယာဉ်တွေကို ရေအမြောက်တွေနဲ့ ထိုးတာ၊ စစ်ဘက်သုံး လေဆာနဲ့ထိုးတာတွေ လုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲထားပါတယ်။ 

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013