ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဇွန် ၁၅ ရက် ညပိုင်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တောင်ကုတ်မြို့ တက္ကသိုလ်ဂိတ်၊ ဒုံရွာနဲ့တိန်းချောင်းကျေးရွာနားမှာ ဇွန် ၁၅ ရက် ည ၉ နာရီလောက်က စတင်ကာ AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
တောင်ကုတ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ စခက ၅၊ ခမရ ၃၄၆ တပ်ရင်းတွေကလည်း ည ၈ နာရီလောက်ကစတင်ကာ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံး ဒဏ်ရာရရှိတဲ့သူ များပြားနိုင်ပေမဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။
တောင်ကုတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ဘက်က ဝိုင်းဝန်းပိတ်ဆို့ထားပြီး တောင်ကုတ်-ပြည်ကားလမ်းကိုလည်း ထိန်းချုပ်ထားတယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ဇွန် ၁၆ ရက် မနက်မှာ စစ်ကောင်စီတပ်က ပြည်သူ ၁၀၀ ကျော်ကို ဖမ်းဆီးပြီး ငွေ ၇ သိန်းကျပ်စီနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တွေမြို့နယ် မင်းဂံရပ်ကွက် အကွက် ၆ ကနေ အကွက် ၁၀ အတွင်းက ဒေသခံပြည်သူ ၁၀၀ ကျော်လောက်ကို ဇွန်လ ၁၆ ရက်နေ့မနက် အစောပိုင်း ၁ နာရီလောက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကား ၈ စီးနဲ့တင်ဆောင်သွားကာ ဒါးပိုင် မွတ်ဆလင်ကျေးရွာမှာ ချုပ်နှောင်ထားတယ်လို့ စစ်တွေမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ကာ အသက် ၁၅ နှစ်ကနေ ၅၀ အရွယ်အထိဖြစ်ပြီး မိသားစုဝင်တွေကို ဆက်သွယ်ခိုင်ကာ တယောက်ကို ငွေ ၇ သိန်းကျပ်နဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဆိုပါတယ်။
တကယ်လို့ ငွေ ၇ သိန်းကျပ်နဲ့ ပြန်မရွေးရင် စစ်မှုထမ်းခိုင်းမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့နယ်မှာ မေ ၂၉ ရက်နေ့ကစတင်ကာ ဒေသခံပြည်သူ ၂၀၀၀ နီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဗျိုင်းဖြူကျေးရွာက ပြည်သူ ၇၆ ယောက်ကိုလည်း သတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။