ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ် မာရစ် ဆန်ဂီယမ်ပေါင်ဆာက မြန်မာ့ပဋိပက္ခဖြေရှင်းရေး ဦးစားပေးအဖြစ် သတ်မှတ်တဲ့ ထိုင်းနိုင်ငံခြားရေး မူဝါဒနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
လုံခြုံရေးနယ်ပယ်မှာ မြန်မာ့အရေးကို ဦးစားပေးရမှာဖြစ်ပြီး မြန်မာ့အရေးပြဿနာကို ဖြေရှင်းဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတရပ် ဖြစ်ပေါ်လာရေးမှာ ထိုင်းက အဓိက ပလေယာတယောက်အဖြစ် ပါဝင်လိုတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ထိုင်းနယ်စပ်လုံခြုံရေးကို သက်ရောက်တဲ့ မြန်မာ့အကျပ်အတည်းကို ဥပမာပေးပြီး ထိုင်းနိုင်ငံတည်ငြိမ်မှု အားကောင်းစေရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားဖို့ အရေးကြီးတယ်လို့ ဝန်ကြီးက ထောက်ပြခဲ့ပါတယ်။
“အိမ်နီးချင်းနိုင်ငံတွေအပေါ် ကျနော်တို့ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အပြန်အလှန်ငြိမ်းချမ်းရေးကို အာရုံစိုက်သင့်ပါတယ်၊ ဒါမှ အပြန်အလှန်အကျိုးရှိဖို့ ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”
ဒါ့အပြင် ကျားဖြန့်လို့ခေါ်တဲ့ ကောလ်စင်တာ လိမ်လည်မှုတွေ၊ မူးယစ်မှောင်ခိုမှုတွေလို တရားမဝင်လုပ်ငန်းတွေကို ဖိနှိပ်ဖို့လည်း မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဖို့လိုတယ်လို့ ထောက်ပြပါတယ်။
ထိုင်းနိုင်ငံဟာ “၆ နိုင်ငံ၊ လားရာတခုတည်း” လို့ ခေါ်တဲ့ အိမ်နီးချင်းနိုင်ငံတွေပေါင်းပြီး ခရီးသွားလုပ်ငန်း တိုးတက်အောင်လုပ်ဖို့လည်း အာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။