ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာ စစ်ကောင်စီက ဇွန် ၁၆ ရက် ဒီနေ့မနက်ပိုင်း လက်နက်ကြီးနဲ့ပစ်ခတ်သလို လေကြောင်းကနေ ဗုံးကြဲခဲ့လို့ သံဃာတော် ၁ ပါး အပါအဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ကျေးရွာဘက်ကို ဇွန် ၁၆ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက်မှာ စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးတွေနဲ့ပစ်ခတ်ပြီး ဂျက်တိုက်လေယာဉ် တစင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲတယ်လို့ ပေါက်တောမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြိမ်ခွေမော်ကျေးရွာက သက်တော် ၉၇ အရွယ်ရှိတဲ့ ကျောင်းထိုင်ဆရာတော် အသျှင်ဝိလာသ၊ အသက် ၈၀ အရွယ် ဦးဦးလှစိန်၊ အသက် ၁၆ နှစ်အရွယ် မောင်မင်းနိုင်၊ စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၄၂ နှစ်အရွယ် ဒေါ်ဦးယိုင်စိန် တို့ ဗုံးစထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းထိုင်ဆရာတော်ကြီးက အသက်လည်းကြီးပြီး ညာဘက်တင်ပါးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဂျက်တိုက်လေယာဉ်ဟာ ညဘက် လူတွေ အိပ်မောကျနေတဲ့အချိန်မှာ ၃ ကြိမ်လောက် ဗုံးကြဲခဲ့ပြီး အတွဲလိုက်ပစ်ခတ်တဲ့ ဒုံးကလည်း ၆ လုံးလောက်ကြားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
လေယာဉ်က ပစ်ခတ်ဗုံးကြဲတာနဲ့ အတွဲလိုက်ဒုံး အချက်ရေ ၂၀ ကျော်လောက် ကြားရပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ရွာဘက်ကိုလည်း ဗုံးကြဲခဲ့သေးတယ်လို့ ဆိုပါတယ်။
ပေါက်တောမြို့နယ်မှာ ဇွန် ၁၁ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။