ယူရိုပြိုင်ပွဲ လက်ရှိချန်ပီယံ အီတလီကစားသမားတွေအပေါ် နည်းပြ စပယ်လက်တီက တင်းကျပ်တဲ့ စည်းမျဉ်းသစ်တွေ ချမှတ်ထားပါတယ်။
အခုနှစ် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အုပ်စု B မှာပါဝင်တဲ့ အီတလီအသင်းဟာ အဖွင့်ပွဲစဉ်မှာတော့ အယ်ဘေးနီးယားကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရထားပါတယ်။
အီတလီအသင်းဟာ လက်ရှိချန်ပီယံအသင်းဖြစ်ပေမဲ့ အခုနှစ်ယူရိုမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းတွေစာရင်းမှာ ပါဝင်ခြင်းမရှိပါဘူး။
အီတလီကစားသမားတွေအနေနဲ့ နားကြပ်တွေတပ်ဆင် နားထောင်တာကို တားမြစ်ထားပြီး ဂိမ်းကစားတာကိုလည်း ကန့်သတ်မှုပြုလုပ်ခဲ့တာပါ။
ကစားသမားတွေအနေနဲ့ ဂိမ်းကစားမယ်ဆိုရင် ဂိမ်းကစားရမယ့် အခန်းအတွင်းမှာပဲ သတ်မှတ်ချိန်အတိုင်း ကစားခွင့်ရှိပြီး မိမိ နေထိုင်တဲ့အခန်းထဲကို ယူဆောင်ကစားခွင့် မရှိပါဘူး။
ဒါ့အပြင် အစာစားချိန်တွေမှာ ဖုန်းမသုံးဖို့ စည်းကမ်းထုတ်ထားတယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံကို လာရောက်တာက မနက် ၄ နာရီအထိ ဗီဒီယိုဂိမ်းတွေ ကစားဖို့ ရောက်လာတာ မဟုတ်ကြောင်း အီတလီနည်းပြ စပယ်လက်တီက ကစားသမားတွေကို သတိပေးထားပါတယ်။