ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံရေးနည်းနဲ့ဆက်လက်ဖြေရှင်းကြဖို့ ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်က ဇွန် ၁၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ကချင်နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်းက လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်မှာ “နိုင်ငံတော်အစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့ တိုက်ပွဲတွေကို၊ ဘယ်မှာတိုက်နေလဲ ကိုယ့်နိုင်ငံထဲမှာပဲ၊ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာ ဖြစ်နေတဲ့တိုက်ပွဲကို ရပ်ပေးကြပါ။ မိမိတို့တိုင်းပြည်နဲ့ ပြည်သူတွေကို ကာကွယ်ပေးကြပါ” လို့ ဖော်ပြထားပါတယ်။
“အဓိကတော့ နိုင်ငံတော်မှာ နိုင်ငံရေးဆွေးနွေးစေ့စပ် ဖြေရှင်းဖို့လိုတယ်။ ဥပဒေတခု ဘောင်အတွင်းမှာ ကျနော်တို့ ရှင်သန်ဖို့လိုတယ်ဆိုပြီးမှ ဆွေးနွေးဖို့တွေ လိုပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို မဖြစ် ဖြစ်အောင် ဖော်ဆောင်ပေးဖို့၊ ဖော်ဆောင်ကြဖို့ ကျနော်တို့အနေနဲ့ လိုလားပါတယ်” လို့လည်း စာမှာ ဖော်ပြထားပါတယ်။
ငြိမ်းချမ်းရေးနယ်မြေဒေသဖြစ်တဲ့ ဆော့လော်၊ ချီဖွေ၊ ဝိုင်းမော်နဲ့ ဆဒုံးဒေသတို့ဟာ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းမှုရယူပြီး ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး တိုးတက်အောင် တည်ဆောက်နေတဲ့နေရာ ဖြစ်လို့ ပြန်လည်ပျက်စီးမှာကို မလိုလားဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ အားကောင်းသလို နယ်စပ်ကုန်သွယ်ရေးမြို့လည်း ဖြစ်တဲ့ ကချင်အထူးဒေသ ၁ နယ်မြေထဲက ကန်ပိုက်တီမြို့အနီးကို ကေအိုင်အေ ထိုးစစ်တွေ နီးကပ်လာချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီမတိုင်ခင် ဇွန် ၇ ရက်နေ့ကတော့ ဒေသတွင်းကို ဝင်ရောင်လာတဲ့ ကေအိုင်အေနဲ့ PDF တွေကို ယတိပြတ်ချေမှုန်းဖို့၊ ပြန်ထွက်ခွင့်မပေးဖို့ ဆိုတဲ့ စစ်မိန့်တခုကို ဦးဇခုန်တိန့်ယိန်း လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့ပါသေးတယ်။
အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ကေအိုင်အေ ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာပြီး လွယ်ဂျယ်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်နဲ့ ဆဒုံးမြို့ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၂၀ ကျော်ကို ကေအိုင်အေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ်ထဲက ခရိုင် ၆ ခုထဲမှာ တိုက်ပွဲရှောင်တွေရှိနေပြီး ဗန်းမော်မြို့မှာ အများဆုံး တိမ်းရှောင်နေထိုင်ကြပြီး ဒုတိယအများဆုံးကတော့ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမှာ တတိယ အများဆုံး နေထိုင်ကြပါတယ်။