ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့တွင်းနဲ့ မြို့တဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အစ္စရေးစစ်သား ၈ ဦး သေဆုံးတယ်လို့ ဇွန် ၁၅ ရက်မှာ စစ်တပ်က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၁၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းဆေးအဖွဲ့တွေက ပြောပါတယ်။
အစ္စရေး စစ်အင်ဂျင်နီယာတပ်ခွဲတခု လိုက်ပါလာတဲ့ သံချပ်ကာကားဟာ ပေါက်ကွဲခဲ့တာကြောင့် ကားပေါ်မှာ သယ်လာတဲ့ ပစ္စည်းတွေကိုပါ ဖောက်ခွဲလိုက်သလိုဖြစ်ပြီး အကုန်လုံး သေဆုံးသွားတာ ဖြစ်ပါတယ်။
ဟားမတ်စ်အဖွဲ့ကတော့ အဲဒီကားဟာ ပြင်ဆင်ထားတဲ့ မိုင်းကွင်းထဲ ဝင်လာတာလို့ ဆိုပါတယ်။ အစ္စရေး တင့်ကားတွေဟာ တယ်လ်အယ်ဆူလ်တန်အရပ်ကို ထိုးစစ်ဆင်ပြီး ကမ်းရိုးတန်း ဧရိယာကို ပစ်ခတ်နေပါတယ်။
အဲဒီတဝိုက်မှာ အကြိမ်ကြိမ် အိုးအိမ်စွန့်ခွာခဲ့ရပြီးဖြစ်တဲ့ ပါလက်စတိုင်း ထောင်နဲ့ချီ နေထိုင်နေကြတာ ဖြစ်ပါတယ်။
အပစ်ရပ်ဖို့ နိုင်ငံတကာက ဖိအားပေးနေပေမဲ့ ဂါဇာမှာ တိုက်ပွဲတွေက ဆက်ဖြစ်နေသလို လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေနဲ့လည်း နေ့စဉ် အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေပါတယ်။
ဂါဇာကမ်းမြောင်က ဂါဇာစီးတီး ဆင်ခြေဖုံးကို အစ္စရေးက လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ နေအိမ်နှစ်လုံး ထိမှန်ပြီး လူ ၁၅ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ပိုင်းမှာ တခြားတိုက်ခိုက်မှုတစ်ခုကြောင့် ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အီဂျစ်နယ်စပ်နဲ့နီးတဲ့ ရာဖာမြို့မှာ လက်နက်အမြောက်အမြား သိမ်းဆည်းရမိတယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။
ဂါဇာအလယ်ပိုင်း လူသားချင်းစာနာမှုဧရိယာထဲကနေ အစ္စရေးဘတ်ကို ရော့ကတ် ၅ လုံး ပစ်ခတ်ခဲ့တယ်လို့လည်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။ ဒါဟာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူ တိုက်ခိုက်မှု ဥပမာတခုဖြစ်တယ်လို့ ဝေဖန်ပါတယ်။
Source - Reuters