Home
နိုင်ငံတကာ
ရေနံယိုဖိတ်မှုကြောင့် စင်ကာပူ ကမ်းရိုးတန်းက ပန်းခြံများ ပိတ်ထားရ
DVB
·
June 17, 2024
Photo - REUTERS/Edgar Su

စင်ကာပူ ကမ်းရိုးတန်းတလျှောက်မှာ ယိုဖိတ်ထားတဲ့ ရေနံတွေ ပိုကျယ်ပြန့်လာနေလို့ အများပြည်သူတွေ အသွားများတဲ့ ကမ်းရိုးတန်း ပန်းခြံအများအပြားကို ပိတ်လိုက်ရပြီး အာဏာပိုင်တွေက ရှင်းလင်းရေးလုပ်ငန်းတွေကို အရှိန်မြှင့်မယ်လို့ ဇွန် ၁၆ ရက်မှာ ကတိပြုထားပါတယ်။

တောင်ပိုင်းဆိပ်ကမ်းဖြစ်တဲ့ ပါစီယာပန်ဂျန်မှာ ဇွန် ၁၄ ရက် မွန်းလွဲပိုင်းက နယ်သာလန်အလံတင် သောင်တူး သင်္ဘောတစ်စင်းက စင်ကာပူအလံတင် ဘန်ကာ သင်္ဘောတစီးကို ဝင်တိုက်ပြီးတဲ့နောက် ရေနံတွေ ယိုဖိတ်ခဲ့တာပါ။

သင်္ဘောကနေ ဆီယိုစိမ့်တာ မရှိတော့ပေမဲ့ လှိုင်းနဲ့ ဒီရေလို ရေစီးကြောင်းတွေကြောင့် ရေနံတွေဟာ စန်တိုစာ၊ လဘရဒေါ သဘာဝကြိုးဝိုင်းနဲ့ တောင်ပိုင်းကျွန်းတွေ မရီနာ တောင်ပိုင်း ဆိပ်ခံတံတားနဲ့ အရှေ့ဘက်ကမ်းရိုးတန်း ပန်းခြံတို့ အပါအဝင် ကမ်းရိုးတန်းတလျှောက် ပြန့်ကုန်တယ်လို့ အာဏာပိုင်တွေက ဇွန် ၁၅ ရက်နှောင်းပိုင်းမှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ပန်းခြံတွေကို ပိတ်ထားပေမဲ့ ကမ်းခြေသွားသူတချို့ဟာ တနင်္ဂနွေ မနက်ပိုင်းမှာ အရှေ့ဘက် ကမ်းရိုးတန်းပန်းခြံဆီကို သွားရောက် လည်ပတ်နေဆဲပါ။

ကမ်းခြေတလျှောက် ဓာတုပစ္စည်းတွေကနေ ထွက်လာတဲ့ အနံ့ပြင်းပြင်းနဲ့ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။

စင်ကာပူ ကမ်းရိုးတန်းရဲ့ မြေမျက်နှာသွင်ပြင်ကြောင့် အညစ်အကြေးတွေကို ရှင်းဖို့ ခက်ခဲနိုင်တယ်လို့ ရေနံယိုဖိတ်မှု ရှင်းလင်းရေး အတွေ့အကြုံရှိဖူးသူ  စင်ကာပူ အခြေစိုက် အန်ဒရူး ဒစ်ခ်ဆင်က ပြောပါတယ်။

သူဟာ စင်ကာပူနားက အင်ဒိုနီးရှား ကျွန်းတွေပေါ်မှာ သဘာဝပတ်ဝန်းကျင် အခြေပြု ခရီးသွားလုပ်ငန်း အတော်များများကို လုပ်ကိုင်ဆောင်ရွက် နေသူလည်း ဖြစ်ပါတယ်။

စင်ကာပူဟာ ကမ္ဘာလုံးဆိုင်ရာ ကုန်သင်္ဘောနဲ့ လောင်စာဆီတင် သင်္ဘောတွေ ခရီးတထောက်နားရာ အချက်အချာပါ။

ရေနံယိုဖိတ်မှုကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ လာမယ့်ရက်တွေအတွင်း ငါးသေဆုံးမှု တိုးလာမှာကို တံငါသည်တွေဆီ သတိပေးထားတယ်လို့  ဒေသတွင်းသတင်းစာ The Straits Times က ဖော်ပြပါတယ်။

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013