အမေရိကန် နယ်ခြားစောင့်တပ်နဲ့ တက္ကဆက်ပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာန (DPS) ရဲတပ်ဖွဲ့တို့ဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ပို့ဆောင်ပေးတဲ့ လူမှောင်ခိုသမားတွေကို ပစ်မှတ်ထားဖို့ ပူးပေါင်းရင်း အမေရိကန် တောင်ပိုင်း နယ်စပ်ကို ဖြတ်ကျော်သွားကြပါတယ်။
ထောက်လှမ်းရေး မီးပုံးပျံ (TARS) တွေကနေတဆင့် သံသယရှိသူတွေကို တွေ့ခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ကနေ ပံ့ပိုးပေးတဲ့ ရုပ်သံထဲမှာ ရဲတွေက ရီယိုဂရန်ဒီ မြို့ဆီ မှောင်ခိုကူးသူလို့ သံသယရှိသူက မောင်းလာတဲ့ အဖြူရောင် ထရပ်ကားကို လိုက်ဖမ်းခဲ့ပါတယ်။
ယာဉ်မောင်းဟာ မြစ်ကမ်းနားရောက်ချိန်မှာ ခိုးလာတဲ့ F-250 Ford ထရပ်ကားကို စွန့်ပစ်ပြီး အသင့် စောင့်ဆိုင်းနေတဲ့ ဖောင်ပေါ်ခုန်တက်ရင်း မက္ကဆီကိုနိုင်ငံဆီ ထွက်ပြေးလွတ်မြောက် ခဲ့ပါတယ်။
မှောင်ခိုသမားတွေဟာ စောင့်ကြည့်ရေးပစ္စည်းတွေ၊ ဒရုန်းတွေ၊ လမ်းပြတွေ၊ ရေဒီယိုတွေပါတဲ့ စနစ်ကျတဲ့ စနစ်တခုကို အသုံးပြုထားပြီး ဒီစနစ်ကို မက္ကဆီကန်ဂိုဏ်းတွေက ထိန်းချုပ်ထားတယ်လို့ တက္ကဆက်ပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာနက ဒုဗိုလ် ခရစ္စတိုဖာ အိုလီဗာရက်ဇ်က ရှင်းပြခဲ့ပါတယ်။
လူကုန်ကူးမှု တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဟာ CBP နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ တက္ကဆက်ပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာနတို့ နှစ်ခုလုံးရဲ့ အရင်းအမြစ်တွေနဲ့ အရာရှိတွေကို သုံးထားပြီး မှောင်ခိုသမားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခြေရာခံ ရှာဖွေ ဖမ်းဆီးမှာ ဖြစ်ပါတယ်။
ဇွန် ၁၁ ရက်မှာ အာဏာပိုင်တွေဟာ ရွှေ့ပြောင်းအခြေချသူတစုကို ခြေရာခံဖို့ ဒရုန်းတွေကိုသုံးရင်း သူတို့ကို ဖမ်းဖို့ ခြေလျင်ခရီးထွက်ခဲ့ကြပါတယ်။
Source - Reuters