Home
မြန်မာသတင်း
AA က မောင်တောမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်၊ ဒေသခံများ ထွက်ခွာရန် သတိပေး
DVB
·
June 17, 2024
Photo - AA Info Desk

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မှာဖြစ်လို့ မြို့ပေါ်နဲ့ မြို့အနီးအနားက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ အတူပူးတွဲနေထိုင်တာတွေ မပြုလုပ်ဖို့နဲ့ အမြန်ဆုံးထွက်ခွာပေးကြဖို့အတွက် အာရက္ခတပ်တော် (AA) က သတိပေးလိုက်ပါတယ်။

အာရက္ခတပ်တော် (AA) အနေနဲ့ လက်ရှိမှာ မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို သိမ်းပိုက်ထားခဲ့ပြီး မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် လက်ကျန်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားကြောင်းနဲ့ မြို့တွင်းရှိ ပြည်သူတွေကို မနေ့ ဇွန် ၁၆ ရက် ည ၉ နာရီကစပြီး ဘေးလွတ်ရာကို အမြန်ဆုံး ထွက်ခွာပေးကြဖို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက မောင်တောမြို့ကို စစ်စခန်းအနေနဲ့ အသုံးပြုပြီး စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်ထားတာကြောင့် အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်သွားမှာဖြစ်​ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) က အခုရက်ပိုင်းအတွင်း မောင်တောမြို့ကို အပြီးသတ် သိမ်းပိုက်တော့မှာဖြစ်လို့ မြို့ထဲမှာနေထိုင်တဲ့ ဘယ်သူမဆို စစ်ကောင်စီနဲ့ ဝေးတဲ့နေရာတွေမှာသာ နေထိုင်သင့်တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

“ဒါက အရင်တည်းက AA ကြိုတင်သတိပေးထားပြီးသားပါ။ ညကလည်း မောင်တောမြို့မှာရှိတဲ့ ပြည်သူတွေကို နေ့ရက်နဲ့ အချိန်ကို သတိထပ်ပေးတာ။ အကြောင်းကြားချက် ထုတ်ပြန်လိုက်ပြီဆိုတော့ တိုက်ပွဲက အချိန်မရွေး ထဖြစ်နိုင်တာပဲ။ အဓိကကတော့ စစ်တပ်ကကြိုးကိုင်ထားတဲ့ မွတ်ဆလင်လူမျိုးတွေပါ။ လက်ရှိ စစ်ကောင်စီက မြို့ထဲမှာရှိတဲ့ ပြည်သူအားလုံးနီးပါးကို ဓားစာခံအဖြစ် အသုံးပြုထားတယ်။”

ဒါ့အပြင် အာရက္ခတပ်တော် (AA) က စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဘေးကင်းရာနေရာတွေနဲ့ လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ခိုလှုံကြဖို့ အကြိမ်ကြိမ် သတိပေးထားခဲ့ကြောင်း သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024