ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲမှာ လူသေဆုံးရတဲ့အထိ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောက်ရွက်ပေးနေသူတဦးက “တမြို့နယ်လုံး အခုရက်ပိုင်း မြို့ပေါ်၊ ရွာတွေကော စစ်ဘေးရှောင်စခန်းတွေမှာကော ဝမ်းရောဂါတွေ ဖြစ်ပွားနေကြလို့ တချို့ရွာတွေဆိုရင် လူသေဆုံးရတဲ့အထိ ဖြစ်နေလို့ ရွာအဝင်အထွက်တွေတောင် ပိတ်ထားရတဲ့ အနေအထားဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။
ဝမ်းရောဂါဖြစ်ပွားသူတွေကို မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ကျန်းမာရေးအဖွဲ့တွေက ကုသပေးနေတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
“တမြို့နယ်လုံး ဖြစ်နေတာဆိုတော့ဗျာ မြို့ပေါ်မှာဆို ဆေးခန်းတွေ ဖွင့်လှစ်ကုသပေးနေပြီး ဝမ်းရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေအထိလည်း ကွင်းဆင်းကုသပေးနေပါတယ်။ ကုသပေးနေတဲ့ကြားကပဲ အောက်ချိုင်ရွာက ၂ ယောက် ဆုံးသွားတယ်။ နောက်ထပ်လည်း ရှိနိုင်သေးတယ်၊ ကျနော်တို့ဆီကို သတင်းမရောက်သေးလို့။ ကျနော်တို့ဆီမှာ လိုအပ်နေတာက ပိုးသတ်ဆေးနဲ့ ဓာတ်ဆားတွေ အဓိက အရေးပေါ် လိုအပ်နေပါတယ်။ ဝိုင်းဝန်းကူညီပေးကြပါဦး။”
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ပြီးခဲ့တဲ့ ဧပြီကနေ မေလလယ်အထိ စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၄၀ နီးပါး ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မင်းတပ်က ဒေသခံပြည်သူ သောင်းချီပြီး ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရပါတယ်။