ဆော်ဒီအာရေဗျနိုင်ငံမှာ အပူချိန်ပြင်းထန်တာကြောင့် အနည်းဆုံး ဂျော်ဒန်နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။
ဆော်ဒီကို ဟာဂျီဘုရားဖူးလာတဲ့ နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ပျောက်ဆုံးနေတယ်လို့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အီရန်ဘုရားဖူး ၅ ဦးလည်း သေဆုံးခဲ့တယ်လို့ အီရန် ဘာသာရေးအဖွဲ့က အတည်ပြုထားပြီး ဘာ့ကြောင့် သေဆုံးတာလဲ ဆိုတာတော့ ထုတ်ပြောတာမျိုး မရှိသေးပါဘူး။
ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပျောက်ဆုံးသူတွေကို ရှာဖွေနေပြီး သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဆော်ဒီအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ဒါပေမဲ့ နှစ်စဥ် လူတိုးဝှေ့မှုနဲ့ တဲမီးလောင်မှုတွေ ဖြစ်ပွားလေ့ရှိသလို အပူချိန်တိုးမြင့်မှုကလည်း ဘုရားဖူးတွေအတွက် အဓိကစိန်ခေါ်မှု ဖြစ်ပါတယ်။
ဒီတပတ် အပူချိန် ၄၆ ဒီဂရီဆဲလ်စီးယပ်စ်အထိရှိပြီး ရိုးရာအရ ရင်ပြင်မှာ ခြေဗလာနဲ့ လမ်းလျှောက်ရတာက အသက်ကြီးသူတွေကို ပိုပြီး ထိခိုက်မှုရှိနိုင်ပါတယ်။
ဆော်ဒီမိုးလေဝသဌာနက မက်ကာနဲ့ မက်ဒီနာတို့မှာ ပုံမှန်အပူချိန်ထက် ၁ ဒသမ ၅ ကနေ ၂ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ တိုးနေကြောင်း ဖော်ပြပါတယ်။
ဟာဂျီဘုရားဖူးတာက ကမ္ဘာပေါ်မှာ အကြီးဆုံး ဘုရားဖူးတွေ စုဝေးလာရောက်တာဖြစ်ပြီး ဒီနှစ်မှာ ၁ ဒသမ ၈ သန်းကျော် ရှိပါတယ်။
ဘုရားဖူးခရီးစဥ်မှာ အပူဒဏ်ခံရတဲ့လူ ၂၂၅ ဦးကိုလည်း ဆေးကုသပေးနေပြီး ဒါဟာ စံချိန်တင် အပူဒဏ်ခံစားရတဲ့ လူနာဦးရေ ဖြစ်ပါတယ်။
ဆော်ဒီကျန်းမာရေးဝန်ကြီးဌာနက ဘုရားဖူးတွေကို မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေပူထဲမထွက်ဖို့နဲ့ ရေဓာတ်ခန်းခြောက်မှုမရှိဖို့ အကြံပြုထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ဟာဂျီဘုရားဖူးကာလမှာ အနည်းဆုံး လူ ၂၄၀ သေဆုံးခဲ့ပြီး ၂၀၁၅ နောက်ပိုင်း လူသေနှုန်းအများဆုံး ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကတော့ ဟာဂျီဘုရားဖူး ၂,၀၀၀ ကျော်အထိ စံချိန်တင် သေဆုံးခဲ့ဖူးပါတယ်။
Source-Reuters