ထိုင်းအရှေ့မြောက်ပိုင်း အိဆန်ဒေသ လွဲ့အစ်ခရိုင်ထဲမှာ ဇွန် ၁၆ ရက် ညနေက မီးရှူးလွှတ်ပြိုင်ပွဲတခုကနေ ပေါက်ကွဲဖြစ်ပွားပြီး လူ ၃၇ ဦး ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လွဲ့အစ်ခရိုင် ဖွန်းထောင်းန်မြို့နယ် ဖိုးထိဆဝမ်အုပ်စု ဆန့်ပူရွာမှာ မနေ့ညနေ ၄ နာရီ ကျော်က နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မီးရှူးလွှတ်ပြီး မိုးခေါ်တဲ့ရိုးရာပွဲကို ကျင်းပခဲ့ပါတယ်။
ကြီးမားတဲ့ မီးရှူးတိုင်တတိုင် ပစ်လွှတ်လိုက်စဉ် အဆိုပါမီးရှူးဟာ ကောင်းကင်ပေါ်ကို တက်မသွားဘဲ ပြင်းထန်စွာပေါက်ကွဲမှုဖြစ်ပြီး လူအုပ်ကြီးထဲကို ကျလာခဲ့ကြောင်း၊ ကနဦး ဒဏ် ရာရသူ ၃၇ ဦးရှိပြီး တချို့က ခန္ဓာပေါ် မီးပွားတွေလွှင့်စင်တာ၊ တချို့က ထွက်ပြေးစဉ် လူ ချင်းချင်း တွန်းထိုးနင်းမိတာ၊ တချို့ကချော်လဲတာ၊ တချို့က မီးရှူးတိုင်ပိကျတာတွေကြောင့် ဒဏ်ရာတွေရတယ်၊ အဲဒီထဲက ခြေလက်အရိုးကျိုးပြီး ဒဏ်ရာပြင်းထန်သူ ၆ ဦးရှိလို့ ဆေးရုံမှာ အတွင်းလူနာအနေနဲ့ ကုသနေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦး သတင်းထောက်တွေကို ပြောပါတယ်။
ဒဏ်ရာရသူတွေ ဆေးကုသစရိတ်အတွက် သက်ဆိုင်ရာအာမခံကုမ္ပဏီတွေနဲ့ ဆက်သွယ် လျက်ရှိပြီး မီးရှူးတိုင်ပေါက်ကွဲရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးရဦးမယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အဆိုပါဒေသက ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်စား သောက်တဲ့အတွက် မိုးလေဝသကောင်းမွန်စေဖို့ မီးရှူးတိုင်လွှတ်ပြီး မိုးခေါ်ပွဲကို နှစ်စဉ်မပြတ် ကျင်းပလာခဲ့တာပါ။
Source:Bright TV/ ThaiPBS