မောင်တောမှာ စစ်ကောင်စီလက်ကျန်စခန်းနှစ်ခုပဲ ကျန်တော့ပြီး အာရက္ခတပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး AA မျှော်မှန်းတဲ့ Confederate ခရီးဟာလည်း နီးလာပြီလို့ ရခိုင်နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။
ဇွန် ၁၃ ရက်က ဖြစ်ပွားခဲ့တဲ့ နခေါင်းတိုစခန်းသိမ်းတိုက်ပွဲမှာဆိုရင် မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးခဲ့တယ်လို့လည်း ULA/AA ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ထားတာမရှိသေးပါဘူး။
လက်ရှိမှာတော့ မောင်တောမြို့နယ်မှာ စစ်ကောင်စီတပ်စခန်း ၂ ခုပဲ ကျန်တော့တာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“ကျန်တာက နခခ (၅) နဲ့ နခခ (၂) ကျန်တယ်။ နှစ်ခုလုံးကိုတော့ AA ဘက်က တိုက်နေတာ။ ဗမာစစ်တပ်ဘက်ကတော့ လေယာဉ်တွေနဲ့ တောက်လျှောက် ဗုံးလာချနေတာပဲ။ တိုက်ပွဲကတော့ ခုထိပြင်းနေတုန်းပဲ။”
မောင်တောမှာ လက်ကျန်စခန်း ၂ ခုပဲကျန်တော့တာကြောင့် စစ်ကောင်စီအနေနဲ့ မကြာခင်လက်လွှတ်ရမယ့် အခြေအနေဖြစ်သွားပြီလို့ ရခိုင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဉီးဖေသန်းက ပြောပါတယ်။
တကယ်လို့ မောင်တောကျသွားရင်တော့ ULA/AA အနေနဲ့ မိုင်ပေါင်း ၁၇၀ ဝန်းကျင်ရှည်လျားတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံးကို ထိန်းချုပ်သွားနိုင်မှာဖြစ်သလို မြောက်ဘက်ပိုင်းက ထိန်းချုပ်နယ်မြေတွေဟာ တဆက်စပ်တည်းဖြစ်သွားမှာပါ။
ဒါ့ပြင် မြို့တော်စစ်တွေကိုလည်း ဝိုင်းပတ်ပြီးသားဖြစ်တာကြောင့် ULA/AAအတွက် အကျိုးအများကြီး ဖြစ်သွားစေလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကြောင့် ULA/AA မျှော်လင့်ထားတဲ့ Confederate ဟာ နီးလာပြီလို့လည်း ဦးဖေသန်းက ပြောပါတယ်။
“သူ့ဘက်က ရခိုင်ပြည်မြောက်နေ တောင်အထိ အကုန်လုံး ထိန်းချုပ်ထားပြီးဖြစ်သလို တချို့နေရာတွေမှာ တိုက်ပွဲဖြစ်နေတာတွေလည်းရှိတယ်။ ULA/AA ဘက်က မကြာခင် အနိုင်နဲ့ ပိုင်းနိုင်တယ်။ အဲတော့ ရခိုင်ပြည်တပြည်လုံး ULA/AA ဘက်ကို ရောက်သွားလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့ လိုချင်တဲ့ Confederate ပေါ့။ အဲ့တော့ သူတို့ မျှော်မှန်းသလို ဖြစ်လာနိုင်ခြေ အများကြီးရှိတယ်ပေါ့။ ဆွေးနွေးကြမယ်ဆိုရင်တောင် ကိုယ့်ဘက်က အားသာချက်တွေအများကြီးရှိတယ်။"
AA က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်တို့နဲ့ ချင်းပြည်နယ် ပလက်ဝ စုစုပေါင်း ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ မောင်တော၊ အမ်း၊ သံတွဲ စတဲ့မြို့နယ်တွေမှာလည်း အပြင်းအထန်ထိုးစစ်ဆင်နေပါတယ်။
ထက်အောင်