ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီက တပ်အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီဟာ နယ်စပ်ကုန်သွယ်ရေး အရေးပါတဲ့မြို့တွေ အပါအဝင် တပ်ရင်းစစ်ဌာနချုပ်တွေကိုပါ လက်လွှတ်လိုက်ရပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေက ငြိမ်သက်သွားခဲ့ပေမဲ့ နှစ်ဖက် စစ်ရေးပြင်ဆင်မှုတွေကတော့ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ(၃) စစ်ဒေသရှိတဲ့ မိုးမိတ်မြို့နယ်ထဲမှာရှိတဲ့ တပ်စခန်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့လို့ ရှမ်းမြောက်မှာတိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။
စစ်ကောင်စီတပ်ဖွဲ့နဲ့ရော တိုင်းရင်းသားအဖွဲ့တွေနဲ့ပါ နီးစပ်တဲ့သူတွေကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုတွေရှိနေသရွေ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာဖို့ မရှိဘူးလို့ သုံးသပ်ပြောပါတယ်။
လတ်တလော အခြေအနေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဟာ သူတို့ ထိန်းချုပ်ထားတဲ့ မြို့တွေ ထပ်မံမဆုံးရှုံးဖို့အတွက် တပ်အင်အား လက်နက်အင်အားတွေကို ထပ်မံဖြည့်ဆည်းထားပြီး မြို့အဝင်အထွက်က လမ်းတွေကိုလည်း ဖျက်ထားကာ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ထားပါတယ်။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ဘက်ကတော့ ဟိုင်ဂင်သဘောတူညီမှုအတိုင်း ဆက်လက် လိုက်နာဆောင်ရွက်နေပေမဲ့ စစ်ကောင်စီရဲ့ စစ်ရေးအရ ရန်စတဲ့ အပြုအမူတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေက ပြန်ဖြစ်လာနိုင်ဖို့ ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။
တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၅၈ မြို့အထိကို သိမ်းပိုက်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၅ မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဖွဲ့တွေကဘက်က သိမ်းပိုက်ထားပြီး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ထားပါတယ်။
အောင်သူ