ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဇွန် ၁၇ ရက် မနက်ပိုင်းက အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ကျောက်ဖြူမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်းဌာနာချုပ်နားက သစ်ပုတ်တောင်ကျော်လမ်းကို ဇွန် ၁၇ ရက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်လောက်နဲ့ စစ်ကြောင်းထိုးလာလို့ အာရက္ခတပ်တော် (AA) ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ ၃ နာရီကျော်လောက်ကြာအောင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရသူ ရှိနိုင်ပေမဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က အထိနာသွားတာကြောင့် နှမ်းဖဲတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ရင်း ၃၂ ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ကြတယ်လို့ ပြောပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၉ မြို့နယ်လောက်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ထပ် မြို့နယ် ၄ ခုက စစ်ကောင်စီတပ်စခန်းတွေကို AA ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဟာဘီအနောက် (မွတ်ဆလင်) ရွာကို ဇွန် ၁၇ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဥ်တစင်းနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မောင်တောမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုံးသီးတလုံးဟာ ရွာထဲမှာ ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၄၂ နှစ်အရွယ် ဒေါ်ဟာဆီနာ အပါအဝင် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်ဟာဆီနာကတော့ ဘယ်ဘက်ပေါင်မှာ ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး လူငယ် ၂ ယောက်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် နီးစပ်ရာ ဆေးခန်းတခုမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဒေသခံက ပြောပါတယ်။
မောင်တောမြို့နယ်မှာ ဇွန် ၁၃ ရက် မနက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာလည်း အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူ ၅,၀၀၀ လောက် ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။
ဆင်ခေါင်း၊ ဂေါ့ရွာ၊ ဆင်ကြပ်ရွာတွေ အပါအဝင် ကျေးရွာ ၈ ရွာလောက်က ဒေသခံပြည်သူ ၅,၀၀၀ လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆင်ခေါင်းကျေးရွာ စစ်ဘေးရှောင်ပြည်သူတယောက်က DVB ကို ပြောပါတယ်။
“နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အဝတ်တထည် ကိုယ်တခုနဲ့ အသက်လုပြီး ထွက်ပြေးခဲ့ရလို့ စားနပ်ရိက္ခာတွေလည်း ဘာမှပါမလာဘူး။ ရောက်နေတဲ့ကျေးရွာတွေက ကျွေးမွေးတာတွေကိုပဲ မျှတပြီး စားသောက်နေကြရတယ်။”
လက်ရှိအခြေနေမှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေပြီး မိုးရာသီဖြစ်တာကြောင့် ယာယီတဲလေးတွေထိုးဖို့ မိုးကာနဲ့ သစ်ဝါးတွေ လိုအပ်တဲ့အပြင် အဝတ်အထည်၊ စောင်နဲ့ ခြင်ထောင်တွေလည်း အရေးတကြီး လိုအပ်နေတယ်လို့ ပြောပါတယ်။
မိုးတွင်းကာလဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေ ဖြစ်နေကြလို့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ သက်ဆိုင်ရာ ပရဟိတအဖွဲ့တွေနဲ့ ချိတ်ဆက်ကာ သံတွဲမြို့နယ် စစ်ဘေးရှောင်တွေအတွက် မိမိတို့ တတ်နိုင်သရွေ့ လှူဒါန်းပေးကြဖို့ အကူအညီ တောင်းခံချင်တယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူ အရေအတွက် ၃၃၀,၀၀၀ ကျော်ရှိပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ULA/AA ရဲ့ လူသားချင်စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။