Home
မြန်မာသတင်း
မောင်တောရှိ စစ်ဘေးရှောင် သက်တိုင်းရင်းသားများ စားနပ်ရိက္ခာလိုအပ်နေ
DVB
·
June 17, 2024
Photo - DVB

စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)တပ်တွေအကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက သက်တိုင်းရင်းသားလူမျိုးစုတွေ အများစု နေထိုင်တဲ့ ကျေးရွာတွေမှာ ဒေသခံတွေ စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ ဆန်လိုအပ်ချက် ကြီးမားနေပါတယ်။

ဇွန် ၁ ရက်လောက်မှာ  AA တပ်တွေက  မောင်တောမြို့နယ်ထဲရှိ စစ်ကောင်စီစခန်းတွေဘက်ကို စတင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားပြီး ဒေသတွင်းက ကျေးရွာနေပြည်သူတွေ စစ်ဘေးရှောင်နေကြရတာပါ။

အလားတူ မောင်တောမြောက်ပိုင်းက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ သက်တိုင်းရင်းသားတွေရဲ့ ရွာတွေလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ခဲ့သလို ဖမ်းဆီးမှုတွေကြောင့်လည်း စစ်ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရပါတယ်။ 

သက်တိုင်းရင်းသားဒေသခံတဦးက “တိုက်ပွဲဖြစ်နေတာ တပတ်ကျော်လောက်ရှိပြီ ရွာမှာတော့ လူမရှိတော့ဘူး၊ အကုန်စစ်ဘေးရှောင်နေကြတာ။ ကျနော်တို့ကတော့ လကုန်ပြီး ၁ ရက်နေ့ကတည်းက  ရောက်နေကြတာ။ တချို့တွေက ၅ လပိုင်းကတည်းက ရောက်နေကြတာ။ အခုဒီမှာက စားရေးသောက်ရေးကတော့ ဒေသခံရွာပတ်ဝန်းကျင်က  ဟင်းသီးဟင်းရွက်တွေ ရှာစားနေရတယ်။ ဆန်ကတော့ အရင်က  ဝယ်ထားတဲ့ ဟာလေးတွေ အနည်းအပါး ကျန်သေးတယ်။ ဒီမှာက ဆန်ဝယ်မရဘူး၊ အရေးပေါ်ကတော့ ဆန်လိုတယ်။ စောင်တွေ၊ ခြင်ထောင်တွေ မပါပေမဲ့ သူများရွာဆိုတော့ အဆင်ပြေအောင်နေနေရတယ်။ ဒီမှာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ခွဲပြီးနေကြတယ်။ ဆန်ကတော့ လိုအပ်တယ် ၀ယ်မရလို့ပါ”လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က သက်လူမျိုးတွေနေတဲ့ မကျီးကုန်းရွာမှာ တပ်စွဲပြီး တောင်ကုန်းတွေမှာ နေရာယူထားတာကြောင့် ရွာကလူကုန်ထွက်ပြေးခဲ့ရတာပါ။ အဲဒီအထဲကနေ အသက် ၆၀ ကျော် လူကြီးတယောက်အပါအ၀င် ဒေသခံ ၇ ဦးလောက် အသတ်ခံလိုက်ရပြီး ၅ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။

သူတို့ကို အာရက္ခတပ်မတော်က အကူအညီတွေပေးပေမဲ့  တိုက်ပွဲကာလကြာလာရင်တော့ စားဝတ်နေရေးအတွက် အခက်အခဲတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

စစ်ဘေးရှောင်တဦးက “အိမ်တွေက လက်နက်ကြီးတွေကျပြီး ပြိုကျတယ်လေ။ လေယာဉ်တွေကနေလည်း  ဗုံးကြဲတယ်။  မီးလောင်တာတော့ မရှိပါဘူး။ ဒါပေမဲ့ အိမ်တွေကတော့ ပျက်စီးကုန်ပါပြီ။ အသက်မပြည့်သေးတဲ့ လူငယ်တယောက်၊ အသက် ၆၀ ကျော် အဘိုးကြီးတယောက်၊ နောက်လူလတ်ပိုင်းတယောက်နဲ့ စုစုပေါင်း  ၆ ယောက် ၇ ယောက်လောက် အသတ်ခံရတယ်။ အဲဒါကလည်း စကစ ကို AA က တိုက်ပြီးတော့မှ မကျီးကုန်းရွာမှာ အလောင်းတွေ့တာ၊ ယောကျ်ားလေးတွေ အဖမ်းခံထားရတာရှိတယ် ၅ ယောက်လောက်၊ တယောက်တော့ ထွက်ပြေးတယ် ကြားတယ်။ ကြာကြာနေရရင် စားဝတ်နေရေးက မလွယ်ဘူး” လို့ ပြောပါတယ်။ 

ဒေသခံ ပရဟိတအဖွဲ့တွေက ရွာတွေကနေ စစ်ပွဲတွေ ခဏရပ်တန့်တဲ့အခါ လမ်းကြောင်း ရှင်းပြီးသွားကယ်ခဲ့ရတာပါ။

လောလောဆယ် အောင်ဇေယျရွာမှာရှိတဲ့ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေမှာ ခဏခိုလှုံခိုင်းထားပြီး AA ဘက်က ဆန်ဝေတာ၊ ဆေးကုသပေးတာတွေရှိပေမဲ့ စစ်ပွဲ ရက်ကြာလာရင် ဆန်အပါအဝင် စားဝတ်နေရေးတွေ ခက်ခဲလာနိုင်တယ်လို့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့က မလာနိုင်တော့ စားရေးသောက်ရေးအတွက် အခက်အခဲတွေ ဖြစ်နေတာ။ ပြီးရင် သူတို့ စစ်ပွဲကြားမှာ နေထိုင်ရတာဆိုတော့ လက်နက်ကြီး ကျလိုက်၊ လေယာဉ်တွေက ကြဲလိုက်၊ ဒရုန်းတွေ ကျလိုက်နဲ့ ဆိုတော့ အချိန်မရွေး ထိခိုက်နိုင်တာပေါ့လေ။ စစ်ပွဲတွေ ခဏရပ်တန့်နေတဲ့အချိန်ကို ရွေးပြီး လမ်းကျောင်းတွေရှင်းပြီး သွားကယ်ထုတ်ရတာပေါ့နော်။ အခုလော လောဆယ်တော့ အောင်ဇေယျရွာမှာတော့ မကျည်းကုန်း၊ ငွေတောင်၊ သာယာကုန်း၊ ကုန်း၊ ရွှေတောင်ဘက်က လူတွေကို ဒီဘက်ရှောင်ခိုင်းထားရတယ်။ ကျန်တဲ့ မောင်တော မြောက်ပိုင်းက ကြိမ်ချောင်း၊ တပ်ချောင်း၊ ပဒတ်ကာ၊ သက်ကိုင်ညာက လူတွေကတော့ မင်္ဂလာဘက်ကို ရှောင်ကြတယ်၊ သက်လူမျိုးတွေများတယ်။ စကစကလည်း သက်တွေနေတဲ့ မကျည်းကုန်းမှာ အထိုင်ချထားတော့၊ တောင်ကုန်းတွေမှာ နေရာယူ ထားတော့ အကုန်ထွက်ပြေးရတာ” လို့ ပြောပါတယ်။

လတ်တလောမှာတော့ မောင်တောမြို့နယ်ထဲက မကျည်းကုန်း၊ သာယာကုန်း၊ ငွေတောင်၊ သစ်တော၊ စျေးတန်း၊ ရွာသာယာနဲ့ မြို့ပေါ်ရပ်ကွက်တွေအများစုကတော့ နီးစပ်ရာ စစ်ပွဲ လွတ်နေရာတွေမှာ စစ်ဘေးရှောင်နေရပြီး ဒေသခံပရဟိတအဖွဲ့တွေရဲ့ ခန့်မှန်းချက်အရ လူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။

အာရက္ခတပ်တော် (AA) အနေနဲ့ လက်ရှိမှာ မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို သိမ်းပိုက်ထားခဲ့ပြီး မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်စခန်းတွေကို ဝိုင်းရံပိတ်ဆို့ထားကြောင်းနဲ့ မြို့တွင်းရှိ ပြည်သူတွေကို ဇွန် ၁၆ ရက် ည ၉ နာရီကစပြီး ဘေးလွတ်ရာကို အမြန်ဆုံး ထွက်ခွာပေးကြဖို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် ဒေသခံပြည်သူသိန်းနဲ့ချီပြီး စစ်ဘေးရှောင်နေရပါတယ်။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013