နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားအများစုကို ထောင်ပြောင်းရွှေ့တာက စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်မှုတွေဖြစ်ပြီး အကျဉ်းဦးစီး ဝန်ထမ်းတွေကို အမြဲတစေ ဆန့်ကျင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေပဲ ရွေးချယ်ပြောင်းရွှေ့ခံရတာလို့ ကူညီနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
ကျိုက်မရောထောင်နဲ့ အိုးဘိုအကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေကို ဇွန် ၁၅ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက တပြိုင်နက် ထောင်ပြောင်းရွှေ့ခဲ့ပါတယ်။
ပြောင်းရွှေ့ခံရတဲ့သူတွေဟာ ထောင်တွင်းသပိတ်တွေမှာ ဦးဆောင်နေသူတွေ၊ ထောင်ဝန်ထမ်းတွေကို ဆန့်ကျင်ပုန်ကန်နေသူတွေနဲ့ ထိန်းချုပ်ဖို့ခက်တဲ့ နိုင်ကျဉ်းတွေ အများဆုံး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြု ပြောပါတယ်။
“ကျိုက်မရောထောင်က ပြောင်းသွားတဲ့ သူတွေဆိုလည်း ထောင်အာဏာပိုင်တွေကို အမြဲတစေ ဆန့်ကျင်ပြီးမှ ဖိနှိပ်အကျဉ်းသားတွေဘက်က ရပ်တည်ပေးတဲ့သူတွေ၊ ထောင်တွင်း သပိတ်တိုက်ပွဲမှာ ပါဝင်နေတဲ့သူတွေ၊ နောက် ဇွန်လ ၁၂ ရက်နေ့က ဖြစ်တဲ့ အမြင့်ပေ ၂၀ ကျော်က ပြုတ်ကျတဲ့ကိစ္စမှာ ထောင်ညွှန်ကြားရေးမှူးကို ဝိုင်းဝန်းတောင်းဆိုကြတဲ့သူတွေ အဲဒီသူတွေပေါ့ အဓိက ပြောင်းရွှေ့တာကို ကျနော်တို့ တွေ့ရတယ်ပေါ့။ မန္တလေးမှာဆိုလည်း ထောင်တွင်းသပိတ်တိုက်ပွဲတွေမှာ ပါဝင်ဖူးတဲ့သူတွေ အများအားဖြင့် ပါသွားတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ သူတို့ ထိန်းချုပ်ဖို့ ခက်ခဲလာမယ်ဆိုတဲ့ အခြေအနေတွေကို ကြိုတွေးဆပြီးမှ အခုလိုမျိုး အုပ်စုတွေ ခွဲပြီးမှ ခေါင်းဆောင်နိုင်မယ့်သူတွေကို နယ်တွေဘက်တွေကို အစုအဖွဲ့ကွဲသွားအောင် လုပ်နေတယ်လို့ပဲ ယူဆပါတယ်။”
အခုလို မိသားစုဝင်တွေရဲ့ အဝေးမှာရှိတဲ့ ထောင်တွေကို ပြောင်းရွှေ့တာဟာ နိုင်ကျဉ်းတွေသာမကဘဲ မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“စစ်အုပ်ကတော့ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်ကွပ်ရုံတင်မဟုတ်ဘဲ သူတို့နဲ့ပတ်သက်တဲ့ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းတွေကိုပါ စိတ်ဒဏ်ရာတွေ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ပဲ ကျနော့်အနေနဲ့ သုံးသပ်ချင်တယ်။ သေချာတာကတော့ ထောင်ပြောင်းတဲ့အခါမှာ နဂိုရှိနေတဲ့ ထောင်မှာ သူတို့ ဘယ်လိုမှ ကိုင်တွယ်လို့ မရတဲ့သူတွေ၊ အကျဉ်းဦးစီး အကစ ဘက်ကနေပြီး မျိုးစုံဖိနှိပ်ချင်တယ်၊ အဲလိုဖိနှိပ်မှုတွေကို လက်မခံချင်တဲ့ နိုင်ငံရေးသမားတွေဆိုရင် သေချာပေါက် အချိန်တခု ရောက်တာနဲ့ နယ်ဝေးထောင်တွေကို ပြောင်းရွှေ့ခံရတာပဲ၊ ဒီဟာကတော့ အဓိကပဲ။”
ကျိူက်မရောကနေ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ဒိုက်ဦး ထောင်ဝန်ထမ်းတွေက မူးယစ်နဲ့ ဖုန်းလက်ဝယ်တွေ့ရှိမှုနဲ့ ထပ်တိုးအမှုတွေ တပ်မယ်လို့ ပြောဆိုပြီး အင်အားသုံးရိုက်နှက်တာတွေ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ ထုတ်ပြန်ပါတယ်။
ထောင်အပြောင်းမှာ ပစ္စည်းတွေ့ရှိတာ မဖြစ်နိုင်ဘဲ ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ကိုလည်း WOPP ရဲ့ တာဝန်ရှိသူ မဇူးဇူးမေယွန်းက တောင်းဆိုပါတယ်။
“သူတို့တွေသည် ထောင်ပြောင်းလုပ်မယ်ဆိုရင် တနေရာနဲ့ တနေရာ မရွှေ့ခင် ရှာဖွေရေး အရင်လုပ်ပါတယ်။ သူတို့အနေနဲ့ စိတ်ကျေနပ်အောင်ရှာပြီးမှာ ကျမတို့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေ လက်ထဲကို ပစ္စည်းတွေ ပြန်ပေးတာပေါ့။ ထောင်ထဲ ပိတ်လှောင်ထားတဲ့သူတွေကို သူတို့က လေးခွတွေ လောက်စလုံးတွေ ပစ်တာမျိူး နောက် နံပါတ်တုတ်တွေနဲ့ ရိုက်တာမျိုးကြောင့် အထဲက နိုင်ငံရေးအကျဉ်းသူ တော်တော်များများ ဒဏ်ရာတွေ ရတယ်ဆိုတာလည်း ကျမတို့ ကြားရတယ်။ နိုင်ငံရေးအကျဉ်းသူတွေကို ဒီလိုမျိုးလုပ်နေတာတွေ ရပ်တန်းကရပ်ဖို့ ကျမတို့အနေနဲ့ မေတ္တာရပ်ခံတယ်။ ပြည်သူလူထုအင်အားနဲ့ ကျမတို့နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၂၀၀၀၀ ကျော်ကို အမြန်ဆုံး ကယ်ထုတ်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”
ဇွန် ၁၅ ရက်က ကျိုက်မရောထောင်ကနေ အမျိုးသမီးနိုင်ကျဉ်း ၄၀ ကျော်အပါအဝင် အမျိုးသမီး ၆၀ ကို ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခဲ့ပြီး အမျိုးသားနိုင်ကျဉ်း ၁၀၀ နီးပါးက သာယာဝတီ ထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
အဲဒီနေ့မှာပဲ မန္တလေးအိုးဘိုအကျဉ်းထောင်က နိုင်ကျဉ်း ၇၀ ကျော်ကိုလည်း မြင်းခြံထောင်နဲ့ မကွေးထောင်တွေကို ရွှေ့ပြောင်းခဲ့တယ်လို့ (PPNM) က ထုတ်ပြန်ပါတယ်။
ဝေဝေ