Home
ရုပ်သံ
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရန် ICC ကြိုးပမ်းမှု လူ့အခွင့်အရေးအဖွဲ့များ ကြိုဆို၊ အမြန် ဆောင်ရွက်ရန် NUG တိုက်တွန်း  
DVB
·
November 28, 2024
Photo: Reuters

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို ရှေ့နေအဖွဲ့ကတောင်းခံလိုက်တဲ့အပေါ်   လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ပြီး လျှောက်လွှာကို အမြန်ဆုံး လက်ခံ အကောင်အထည်ဖော်ဆောင်ရွက်ဖို့  NUG ဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ 

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC တရားလိုရှေ့နေက နိုဝင်ဘာ ၂၇ ရက်မှာ လျှောက်ထားလိုက်တာနဲ့ပတ်သက်ပြီး ကြိုဆိုတဲ့ အကြောင်း ယူကေအခြေစိုက် ရိုဟင်ဂျာအရေးလှုပ်ရှားတဲ့ Burmese Rohingya Organisation UK (BROUK) အဖွဲ့၊  Burma Campaign UK အဖွဲ့၊  နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၊ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်အဖွဲ့ (HRW) စတဲ့အဖွဲ့တွေက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က“ဒါဟာ ရိုဟင်ဂျာလူမျိုးတွေအတွက်သာမက မြန်မာပြည်သူ အားလုံးအတွက်ပါ ဝမ်းမြောက်စရာ နေ့တနေ့ပါ။ ဒါဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက် ကြိုးပမ်းမှုတခု ဖြစ်သလို ရိုဟင်ဂျာလူမျိုးတွေအပေါ်  စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အသိအမှတ်ပြုမှု တခုလည်း ဖြစ်တယ်” လို့ ပြောပါတယ်။

နောက်ပြီး BROUK အနေနဲ့ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် သက်သေခံ အထောက်အထားတွေကို ထောက်ပံ့ပေးနိုင်ဖို့ ICC နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစွဲ ထောင်ချနိုင်ရေး အလားအလာဟာ အချိန်ကြာမြင့်နိုင်ပြီး စိန်ခေါ်မှုတွေများစွာ ရှိနိုင်တယ်ဆိုတာ သိရှိနားလည်ပေမဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေး လုပ်ငန်းစဉ် အစပြုမှုဟာ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်နေမှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် တကယ့်ကို အရေးပါတယ်လို့ BROUK က ဆိုထားပါတယ်။

အလားတူ Burma Campaign UK အဖွဲ့ကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် ICC မှာ တင်ပြတောင်းခံခဲ့တဲ့ ရှေ့နေ ကရင်မ်ခန်း ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အနေနဲ့ မြန်မာနိုင်ငံမှာရော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာပါ ရိုဟင်ဂျာလူမျိုးတွေကို ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူသွားရဖို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရရှိထားတယ်လို့ ရှေ့နေအဖွဲ့က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရေးနဲ့ပတ်သက်ပြီး နောက်ထပ် လျှောက်ထားမှုတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Burma Campaign UK အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်က “မြန်မာစစ်တပ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဆယ်စုနှစ်များစွာကြာအထိ အပြစ်ပေးခံရမှုကနေ ကင်းလွတ်နေခဲ့ပါတယ်။ အချိန်ကြာမြင့်နိုင်ပေမဲ့ တရားမျှတမှုဟာ စစ်ဗိုလ်ချုပ်တွေဆီကို တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာနေပြီ ဖြစ်ပါတယ်။ အခုလို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတာကို စစ်တပ်ဘက်ကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန် ဖီဆန်မှုတွေ လုပ်လာနိုင်ပါတယ်။ ဒီကိစ္စက စစ်တပ်အတွင်းမှာ အကြီးအကျယ် ဂယက်ရိုက်မှုတွေ ရှိလာနိုင်ပြီး သူတို့ရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံမှု ကင်းလွတ်ခွင့်ရနေတဲ့ကာလကို ကုန်ဆုံးရတော့မှာပါ” လို့ ပြောပါတယ်။

အခုအခါမှာတော့ ICC က တရားသူကြီးတွေဟာ တင်ပြထားတဲ့ သက်သေခံ အထောက်အထားတွေကို အကဲဖြတ် သုံးသပ်မှုတွေ လုပ်ဆောင်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းထုတ်သင့်၊ မထုတ်သင့်ဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ICC တရားလိုရှေ့နေအဖွဲ့ရဲ့ အခုလို ဖမ်းဝရမ်းတောင်းခံမှုဟာ ရိုင်းစိုင်းတဲ့ မြန်မာစစ်ခေါင်းဆောင်အတွက် ဥပဒေလက်လှမ်းမမီတဲ့ နေရာရှိမနေဘူးဆိုတာကို ပြင်းပြင်းထန်ထန် သတိပေးမှုဖြစ်တယ်လို့ လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ (HRW)မှ မာရီယာအီလန်နာဗစ်နိုလီကလည်း ပြောပါတယ်။ 

ဒါဟာ ရိုဟင်ဂျာအသိုက်အဝန်းအတွက်လည်း တရားမျှတမှုရဖို့ သူတို့ရဲ့ ရုန်းကန်ကြိုးပမ်းမှုတွေဟာ မေ့ပျောက်မခံထားရဘူးဆိုတဲ့  အရေးပါတဲ့ သတင်းစကား ပါးလိုက်တာ ဖြစ်တယ်လို့လည်းပြောပါတယ်။

အလားတူ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အတွင်းရေးမှူးချုပ် အန်းနက်စ်ကယ်လာမတ်ဒ်ကလည်း နိုင်ငံတကာဥပဒေအောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူတွေအနေနဲ့ ဘယ်လောက်ပဲ အာဏာရှိရှိ၊ ဘယ်လောက်ကြာကြာ လွတ်မြောက်နေနေ   ဖမ်းဆီးတရားစွဲခံရမယ်ဆိုတာကို  ပြတ်သားတဲ့ ခြေလှမ်း၊ အရေးပါတဲ့အချက်ပြမှု ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်ရေးချိုးဖောက်မှု ဖြစ်ရပ်ဆိုးကြီးတွေမှာ မင်းအောင်လှိုင်ဟာ  အဓိကလူ ဖြစ်တယ်၊ သူဟာ ၂၀၁၆ နဲ့ ၂၀၁၇ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက် စစ်ဆင်ရေးတွေကို ကြီးကြပ်စီမံခဲ့သူ ဖြစ်တယ်၊ ဒါ့အပြင် အရပ်သားပြည်သူ ၆၀၀၀ လောက် သေဆုံးခဲ့ရပြီး မြန်မာနိုင်ငံကို စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး  ဒုက္ခထဲ ထိုးဆင်းသွားစေခဲ့တဲ့  ၂၀၂၁ စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်တယ်လို့ ပြောပါတယ်။ 

ဖမ်းဝရမ်းထုတ်ပြီးတဲ့အခါ မင်းအောင်လှိုင်ဟာ ချက်ချင်းအဖမ်းခံရပြီး ICC တရားရုံးမှာ တရားရင်ဆိုင်ရသင့်တယ်၊ တချိန်တည်းမှာ ရိုဟင်ဂျာတွေနဲ့ မြန်မာပြည်သူအားလုံးအတွက် တာဝန်ခံမှုရှိဖို့ အရှိန်အဟုန်တခု တည်ဆောက်သင့်တယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာတနိုင်ငံလုံးရဲ့ အခြေအနေကို ICC တရားရုံးကို လွှဲပြောင်းပေးသင့်တယ်လို့လည်း AI ကပြောပါတယ်။

ICC တရားသူကြီးတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ပြီးပါကလည်း နိုင်ငံတွေက လိုက်နာဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တခြားအပေါင်းအပါ စစ်ဗိုလ်ချုပ်တချို့ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အာဂျင်တီးနား တရားရုံးမှာလည်း အခုနှစ်အတွင်း တောင်းခံထားခဲ့တာဖြစ်ပြီး အခုတကြိမ်ဟာ ဒုတိယအကြိမ်မြောက် လျှောက်ထားမှုလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ARSA ရိုဟင်ဂျာလက်နက်ကိုင်တွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွေကို  စတင်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့  မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး အမည်နဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့တာမှာ ရိုဟင်ဂျာ ၈၀၀,၀၀၀ လောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြစ်မှု ဖြစ်တယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက စွပ်စွဲနေကြတာဖြစ်ပြီး မြန်မာစပ်တပ်နဲ့ အစိုးရကတော့ လက်မခံ ငြင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ရောမစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ICC အနေနဲ့ ပြည်နှင်ထုတ်ခြင်းဆိုင်ရာ ရာဇဝတ်မှုနဲ့ပတ်သက်ပြီးလည်း တရားစီရင်ပိုင်ခွင့် ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013