Home
ဆောင်းပါး
နွေဦးကာလ ကျားဖြန့်ရန်စွယ်နဲ့ မြ၀တီ မြင်ကွင်းကျယ်
DVB
·
January 20, 2025

မြ၀တီ ဆိုသည်က လွန်ခဲ့သော ဆယ်စုနှစ်တခု၊ နှစ်ခုကျော်ကာလမှာ မှောင်နဲ့မည်းမည်း ကြောက်စရာ အမည်းရောင်နယ်မြေ။ သာမန် လူတန်းစားများ အကြောက်တရားနှင့် နေထိုင်ရှင်သန်ရသော မြို့လေး။ ထိုင်းကုန်ပစ္စည်းများ မှောင်ခိုကူးရာ နယ်စပ်မြို့အဖြစ် မှောင်ခိုသမားတို့၏ တောလမ်းများဖြင့် မှောင်ခိုမှုအမျိုးမျိုး ထွန်းကားတည်ရှိခဲ့သည်။ သစ်မှောင်ခိုသမား၊ လက်နက်ကိုင် စီးပွားရှာသူနှင့် ကရင်လက်နက်ကိုင်အဖွဲ့များ ခွဲဖြာထွက်ကုန်ကြသော မြို့လေး ဖြစ်လာခဲ့သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဒီမြို့လေးမှာ ရထိုက် ဆိုသော တရုတ်ကုမ္ပဏီက ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းဆိုပြီး မြေငှားလုပ်ဆောင်သော စီမံကိန်းကြီး လုပ်လာခဲ့သည်။ ထိုစီမံကိန်းကို စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) က အကျိုးစီးပွားတခုအတွက် ဦးဆောင်အကာအကွယ်ပေး တည်ဆောက်ခဲ့သည်ကို အစပိုင်းက ပြည်သူအားလုံး ထဲထဲဝင်ဝင် သိပ်မသိနိုင်ကြ။ နောက်ဆုံး NLD အစိုးရလက်ထက်မှ ကနဦး မြေငှားစာချုပ်ထက် များစွာပိုမိုကျယ်ပြန့်သည့် မြေနေရာများမှာ စီမံကိန်း တိုးချဲ့လုပ်ဆောင်နေမှု တွေ့တော့ စီမံကိန်းရပ်ဆိုင်းခိုင်းတော့မှ မီဒီယာစာမျက်နှာတွေထက် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းအကြောင်း လူတွေ တော်တော်သိလာကြသည်။

ဒီလိုနှင့် မြ၀တီနယ်စပ်မြို့လေးသည်ကား ၂၀၂၁ စစ်အာဏာသိမ်းမှုကို မခံမရပ်နိုင်တော့သော တနိုင်ငံလုံးမှ ပြည်သူများစွာ တိုင်းရင်းသား လက်နက်ကိုင်တပ် KNU ဆီ စစ်ပညာသင်ရန်နှင့် လွတ်မြောက်နယ်မြေအဖြစ် ထွက်ပြေးတိမ်းရှောင်သူအများစု ရောက်ပေါက်ရာ ဗဟိုချက်ရပ်ဝန်းထဲ ပါဝင်လာခဲ့သည်။ နွေဦးတော်လှန်ရေး၏ ရေချိန်သည် တောင်ပိုင်းတိုင်း ကရင်နယ်မြေတွင် အင်အားအကောင်းဆုံး ဖြစ်ခဲ့သည်။ ပြည်တွင်း ပြည်ပ ပြည်သူများ၏ အားကိုးမျှော်လင့် ထောက်ပံ့ရာ ဗဟိုချက်ကလည်း ဒီနယ်တဝိုက် ဖြစ်လာခဲ့သည်။

နွေဦးတော်လှန်ရေးသက်တမ်းက ၄ နှစ် ပြည့်လာခဲ့ပါပြီ။ သို့သော် မြ၀တီမြို့ပေါ်တဝိုက် တနိုင်ငံလုံးမှ စီးပွားရေးအကျပ်အတည်းကြောင့် ရောက်လာကြသူ ပြည်သူပြည်သားပေါင်းများစွာ လူးလာခေါက်ပြန် စည်ကားလာနေသော်ငြား ထိုမြို့နှင့် အနီးတဝိုက် ရွာများ၊ မြို့များနေ ပြည်သူနှင့် ကရင်တိုင်းရင်းသားအများစု အသိထဲ ကျားဖြန့်ဆိုသည်ကို ကြားပင် မကြားဘူးသလို ရှိနေခဲ့သည်။ နွေဦးတော်လှန်ရေး အစောပိုင်းကာလများမှသည် ယနေ့အထိ ဒေသခံ လက်လုပ်လက်စား၊ အောက်ခြေလူတန်းစားတွေအကြား ကျားဖြန့် ဆိုသည်ကို ကြားပင် မကြားဘူးသူတွေက ၉၀ ရာခိုင်နှုန်းအထက်တွင် ရှိပေမည်။ သူတို့အားလုံး သိသည်က တရုတ်ဆိုက်များမှာ သန့်ရှင်းရေး၊ ထမင်းချက်၊ ဆောက်လုပ်ရေးလုပ်သား၊ အစောင့်လုပ်ပေးခြင်းကပင် ဘတ် ၁၀,၀၀၀ ဝန်းကျင် ရသဖြင့် မြို့ပြ လူလတ်တန်းစား၊ ဘွဲ့ရများ မမျှော်မှန်းနိုင်သော လစာများ ရတတ်ကြသည် ဆိုခြင်းပင်။ တကယ်လည်း BGF အရာရှိအချို့နှင့် နီးစပ်သူများ ထိုသို့သော အလုပ်များ၊ လစာများ ရနိုင်ကြသည်။ သူတို့အားလုံးနီးပါး သိသည်က ကာစီနိုလုပ်ငန်း၊ အွန်လိုင်း လောင်းကစားလုပ်ငန်းများ ရှိရာ တရုတ်ဆိုက်များမှာ တူတူတန်တန် လစာကောင်းသော အလုပ်များရှိသည် ဆိုခြင်းပင်။ ထိုအလုပ်တွေမှာ နေရာရသူ အနည်းစုကတော့ ရပ်ကွက်များတွင် သင့်တင့်ရုံမက တင့်တယ်စွာ နေထိုင်စားသောက်နိုင်ကြသည်။

သို့သော် မြ၀တီမြို့သို့ အဆင်မပြေသဖြင့် အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသူများ၊ မြို့ခံများထဲမှ ဓားမဦးချ ကြုံရာ ဘောက် (ကုန်ထမ်း၊ ဆောက်လုပ်ရေးလူကြမ်း၊ ပန်းရန်ဆရာ၊ အုတ်ရိုက်) လုပ်သူများကသာ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းအထက်တွင် ရှိသည်။ တိုက်ပွဲမဖြစ်ဘဲ အာရှလမ်း (ဒေါနတောင်လမ်း) ပွင့်သည့်အချိန်များမှာ ထိုင်းဘက်မှ ကူးလာသော ကုန်ကားများ၊ အောက်ပြည်မှ တက်လာသော ကုန်ကားများအတွက် ကုန်တင်ကုန်ချ၊ ကုန်ချိန်းရာတွင် အလုပ်သမားကန်ထရိုက်တို့ လက်သုံးထားသည့် ကုန်ထမ်းသမားများက ဝင်ငွေမဆိုးလှ၊ ဆောက်လုပ်ရေးနှင့် လမ်းပိုင်းအလုပ်များမှာ အလုပ်သမား ကန်ထရိုက်ခေါ်မှ လုပ်ခွင့်ရသော လူတန်းစားဘ၀ကဖြင့် တရက်လုပ်ခ ကျပ် ၁၂,၀၀၀ ရှိလျှင် ကန်ထရိုက်က ၂,၀၀၀ ဖြတ်စားခြင်း ခံရသည်။ ၈,၀၀၀ ကျပ်သာ ရသူများက ပိုများသည်။ မိသားစုလိုက် အုတ်ရိုက်ရသူများ တနေ့ဝင်ငွေက ညနေမှ လုပ်ခရလျှင် ထိုအချိန်မှ ဆန်သွားဝယ်ပြီး ဆာလောင်နေသော မိသားစုဝင်တွေအတွက် ထမင်းချက်၊ ကြုံရာ ခူးဆွတ်၊ ငါးပိရည် နပ်မှန်လျှင်ပင် ကံကောင်းသည် ထင်ရလောက်အောင် ဒုက္ခများသည်။ အလုပ်သမား ကန်ထရိုက်များသည်လည်း ဆောက်လုပ်ရေး အလုပ်တခုတွင် ပစ္စည်းဖိုးရော၊ အလုပ်သမားခပါ စိုက်လုပ်ပြီး နောက်ဆုံး ငွေတောင်းချိန် သေနတ်နဲ့ထောက်ပြီး မပေးနိုင်ဘူးဟု ခြိမ်းခြောက်မောင်းထုတ်သည့် အာဏာရှိသည်ဆိုသော လက်နက်ကိုင်တို့ရန်ကို မကြာခဏ ကြုံရလေ့ရှိသည်။

နောက်ထပ် လူတန်းစားတရပ်ကတော့ BGF နှင့် DKBA တို့ အဓိက ဖွင့်လှစ်ပေးသည့် အာဝါဒေးပွဲခင်းများနှင့် ပတ်သက်သည်။ ရပ်ကွက်သေးသေးလေးတခုမှာပင် အာဝါဒေးပွဲခင်း ၄၊ ၅ ခုထက်မနည်း၊ ကြက်ဝိုင်း ၃၊ ၄ ဝိုင်းထက်မနည်း ရှိသည်။ အာဝါဒေးပွဲတခုအတွက် ကန်ထရိုက်သဘောမျိုး ဦးဆောင်ပွဲဖွင့်သူ အများစုက BGF အရာရှိများသာ ဖြစ်သည်။ ပွဲခင်းစောင့် လူငယ်၊ လူကြီးတွေကို သေနတ်အဟောင်းတွေ ထုတ်ပေးထား၊ ယူနီဖောင်း ဝတ်ခိုင်းထားပြီး လစာ ကျပ် ၂ သိန်း၊ ၃ သိန်းလောက်ကို တလ ၂ ခါ ခွဲပေးသည်။ ပွဲခင်းတခု ၃၊ ၄ ယောက်သာ အများဆုံးစောင့်သည်။ ၂ ယောက်လောက်သာ စောင့်သည့် မစည်ကားသော ပွဲခင်းများက ပိုများသည်။ ပွဲခင်းက မှောင်ရီပျိုးစအချိန်မှာ ဆောင်းဘောက်စ်တွေကနေ သီချင်းတွေဖွင့်ရင်း အန်ကလုံခေါ် ဆင်၊ ကျား၊ နဂါး၊ မြင်း၊ ဇော်ဂျီ အစရှိသည့် အရုပ်များပါ အန်စာတုံးများနှင့် လောင်းကစားဝိုင်းများစွာကို တဲတန်းထိုး ဖွင့်လှစ်ပေးထားသည်။ ခုံထောင်ထားသူ တယောက်အတွက် တည ပေးရငွေသည် လူမစည်သော ပွဲဈေးဆိုလျှင် ကျပ် ၃၀,၀၀၀ ဝန်းကျင်ရှိပြီး စည်ကားလျှင် ကျပ် ၆၀,၀၀၀ အထက် ပေးရသည်။ ထိုသို့သော အန်ကလုံ ခုံဝိုင်းပေါင်း အာဝါဒေးတပွဲလျှင် ၅ ခုမှ အခု ၂၀ လောက်အထိ ရှိတတ်သည်။ ခုံတခုံတွင် အများအားဖြင့် မိန်းကလေး ၂ ယောက်ကို ညဦးပိုင်းကစ လူပြတ်ချိန် ည ၁၁ နာရီဝန်းကျင်အထိ တယောက် ကျပ် ၁၀,၀၀၀ နှုန်းနှင့် စားချင်သည့်ညစာကျွေးပြီး ခိုင်းကြသည်။ ထိုမိန်းကလေးများက အန်ကလုံ အန်စာတုံး ဘယ်လိုတင်လျှင် ဘယ်လိုမြတ်နိုင်သည်ကို သင်ကြားပေးထားသူတွေ ဖြစ်သည်။ ကနဦး ကျပ် ၂ သိန်းလောက် ထုတ်ပေးထားပြီး ငွေရွှင်တတ်သော ကုန်ကားသမားများ၊ အလုပ်သမားခေါင်းများ၊ သောက်စား ငွေဖြုန်းနိုင်သူများဆီက ငွေကို ရနိုင်သမျှ ရအောင် ယူစေသည်။ ကံဆိုးပြီး ရှုံးနေလျှင် အပြန်မခံသေးဘဲ နိုင်သွားသော ထိုသူများဆီက ငွေများအပြင် အိတ်ထဲပါလာသောငွေများပါ ပြန်ရဖို့ ဘီယာဖိုးရင်းပြီး ဆွဲခေါ်ကစားစေသည်က သူတို့အလုပ်။

ကျန်သော ဝင်ငွေဖြောင့်သည့် အလုပ်များက ငွေကြေး အသင့်အတင့် တတ်နိုင်သူများ လိုင်စင်မဲ့ ကုန်ကားကြီးငယ်တွေကို နယ်စပ်ဈေးနှင့်ဝယ်ပြီး ကုန်စည်တိုက်သောအလုပ် ဖြစ်သည်။ စီးပွားရေးသမားများ၏ ကုန်လှောင်ရုံပေါင်းများစွာ ရှိနေပြီး ဒေါနတောင် လမ်းပိတ်ချိန်ဆိုလျှင် ထိုကားထောင်သူများ အကြိုက်။ ဘီး ဘယ်နှပတ်မှ မလှိမ့်ရသေး တခုပြီးတခု ဆက်နေသော ဆက်ကြေးကောက် BGF နှင့် DKBA ဂိတ်များကို ဖြတ်သန်းပြီး သာမညအထိ ပစ္စည်းများ ပို့ဆောင်ကြရသည်။ လမ်းပိတ်လျှင် ကုန်ပစ္စည်း တတန်ကျပ် ၃ သိန်းမှ ၈ သိန်းလောက်အထိ ဈေးကောင်းရသဖြင့် ဂိတ်ကြေးများကို ၄ သိန်းမှ ၈ သိန်းကျော်၊ ၁၀ သိန်းကျော်အထိပေးပြီး ထို့ကော်ကိုး၊ ကြက်ဥတောင် လမ်းများမှ ဖြတ်ကာ တညအိပ်ခရီးအဖြစ် သာမညကို ပို့ဆောင်ရင်း တလ၊ ၂ လအတွင်း ကားအရင်းကျေကာ ကားတစီးပြီး တစီး တိုးပိုင်လာသူများလည်း များသည်။ ထိုသူများက ဒေါနတောင် လမ်းပိတ်လေ ကြိုက်လေ ဖြစ်သည်။ ဂိတ်ကြေးကောက်သူတွေ အတွက်လည်း ဒေါနတောင်လမ်း ပိတ်လေ ကြိုက်လေ ဖြစ်သည်။ မျက်ဖြူဆိုက်ရသည်က မြ၀တီမြို့ခံ ရိုးသားပြည်သူများနှင့် မြ၀တီမှ ဆင်းလာမည့် ကုန်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ဝယ်စားရသည့် အောက်ပြည်အောက်ရွာသားများ ဖြစ်ကာ မတန်တဆ ဈေးတက်ခြင်းကို မငြင်းသာဘဲ ခါးစည်းခံကြရသည်။

နွေဦးတော်လှန်ရေးနှင့်အတူ မြ၀တီရှိ တရုတ်ဆိုက်များ မှိုလိုပေါက်လာခြင်း နောက်ကွယ်မှာ မိုးခါးရေသောက်ကြကုန်သော ပညာတတ်အသိုင်းအဝိုင်းတချို့လည်း ရှိသည်။ အင်ဂျင်နီယာများ CDM လုပ်၊ ဆန္ဒပြခဲ့ကြပါလျက် လက်နက်ကိုင်တော်လှန်ရေးထဲ မပါဝင်ဖြစ်သောအခါ မြ၀တီ တရုတ်ဆိုက်တွေမှာ အင်ဂျင်နီယာ ဝင်လုပ်ကြသည်။ လိုင်စင်မရှိသော Without ကားကောင်းကောင်းများ ဝယ်စီးနိုင်၊ ဂရန်မရှိသော မြ၀တီတကြောမှ မြေကွက်များ ဝယ်ကာ သင့်တင်သော တိုက်တာအဆောက်အအုံများ ဆောက်ရင်း ဇောက်ချ လုပ်ကိုင်လာသည့် အသိုင်းအဝိုင်း ဖြစ်သည်။ ထိုသူများအားလုံး ကျားဖြန့်လုပ်ရာ တရုတ်ဆိုက်များကို တည်ဆောက်ပေးကြသော်လည်း တရုတ်လို၊ နိုင်ငံတကာသိ ဆိုက်နာမည်တွေကို မသိသူများစွာ ရှိသည်။ တချို့က သိလည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ အရင်းနှီးဆုံးသူများကိုပင် မပြောပြဘဲ ကျိတ်ပြီး ငွေရှာကြသည်။ ထိုနည်းဖြင့်ပင် လောက်ကိုင် ကျားဖြန့်လုပ်ငန်းကြီး ပြိုလဲပြီးနောက် မြ၀တီတွင် ရွှေကုက္ကိုလ်သာ မဟုတ်၊ သောင်းရင်းမြစ်တလျှောက် မင်းလက်ပံ၊ မယ်ထော်သလေး၊ ကျောက်ခတ် စသည့်နယ်တလျှောက် ကျားဖြန့်နှင့် အွန်လိုင်းလောင်းကစား၊ ကာစီနိုများ လုပ်ဆောင်ရာ ကြောက်စရာအကောင်းဆုံး နိုင်ငံတကာနယ်စပ်ဖြတ်ကျော် ဒုစရိုက်ရပ်ဝန်းကြီး နှစ်ပိုင်းအတွင်း အဆမတန် ကြီးထွားလာတော့သည်။

ဓားမဦးချ နေထိုင်ခဲ့ကြသည့် ရိုးသားသူ တိုင်းရင်းသား သက်ကြီးရွယ်အို၊ လူငယ်၊ လူရွယ်အများစုအကြား ကျားဖြန့် ဆိုသည်ကို ကြားပင်မကြားဘူး၊ မကြားအောင်လည်း ထိုအသံမထွက်စေရန် ခြိမ်းခြောက် ပိတ်ပင်ထားသည်က BGF ပင် ဖြစ်သည်။ သူတို့ လက်သုံးစကားက နိုင်ငံရေးမလုပ်နဲ့၊ လက်နက်မှောင်ခိုမလုပ်နဲ့ ဆိုသည်သာ ဖြစ်သည်။ ထို BGF၊ DKBA နှင့် PC ရာထူးရာခံရှိသူ တချို့တွေအကြား နောက်ထပ် ငွေရှာဖို့ကောင်းသည့် အလုပ်က ကျားဖြန့်လုပ်ငန်းများအတွက် ရောက်ရှိနေသော တရုတ်ဒုစရိုက်သမားများကို ရန်ကုန် ပို့ဆောင်ပေးခြင်း၊ ထိုင်းဘက်ကို ကမ်းကူးပေးခြင်း၊ မြ၀တီဘက်မှ မြေကွက်များ ဝယ်ပေးခြင်း စသည့် လုပ်ငန်းများ ဖြစ်သည်။ ရန်ကုန် ပို့ဆောင်ပေးရပါက တရုတ်တယောက် ကျပ်သိန်း ၇၀ မှ ၁၀၀ ထိမက ဈေးပေါက်ပြီး ကားစီးလုံးပြည့် ပို့ဆောင်ပေးခြင်းနှင့် ကြွယ်၀တောက်ပြောင်လာသော လက်နက်ကိုင်အဖွဲ့အစည်း ယူနီဖောင်းဝတ်များလည်း မနည်းမနော ရှိကြသည်။ Without ကားများကို သံဃာတော်စီး အဝါရောင်တံဆိပ်ကပ်ပြီး မှောင်ခို ကားပို့ဆောင်ပေးခြင်း၊ အရေးပေါ် လူနာတင်ကားအဖြစ် အလှူပြ စတေကာများကပ်ပြီး ပို့ဆောင်ပေးခြင်း လုပ်ငန်းများကလည်း ထိုသူများလက်ထဲတွင် ရှိသည်။ အခြေအနေများက ၄ နှစ်တာအတွင်း ထိုသို့ရှိသည်။ သိသူဖော်စား၊ မသိသူကျော်သွား ဆိုသည့် မြ၀တီမြို့၏ ငွေရှာနည်းများကို လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ ဘီယာဆိုင်များတွင် ဘေးဝိုင်းလူရှိပါက မည်သူမျှ မဟရဲ၊ လူမရှိလျှင်လည်း မည်သူ့ကိုမျှ မယုံကြည်စိတ်ဖြင့် မဟကြ။

ထိုသို့ဖြင့် တကယ်မသိသော အများစုအတွက် ဒီကနေ့ ကမ္ဘာတဝန်းလုံး ထိတ်လန့်ကြောက်ရွံ့လာခဲ့သော ကျားဖြန့်လုပ်ငန်းကြီးက ထုထည်ကြီးမားလွန်းစွာ ရှိနေသည်ကို ထိုအဆောက်အအုံကြီးတွေ ဂိတ်စောင့်ပေးရသည့် ဒေသခံ၊ ရွှေ့ပြောင်းရောက်ရှိ လူငယ်၊ လူလတ်များပင် ရေရေရာရာ မသိကြသည့်အဖြစ် ရောက်ကြကုန်သည်။ ဒီကနေ့မှာတော့ဖြင့် တရုတ်နာမည်ကြီး သရုပ်ဆောင်၊ နာမည်ကြီးမော်ဒယ်၊ ဘွဲ့ရပြီးစ မိန်းကလေး၊ တခြားသော တရုတ်ဆယ်လီတွေပါ မြ၀တီကျားဖြန့် လူမှောင်ခိုကွန်ရက်ကြီးထဲ သွတ်သွင်းခံရမှုတွေ ဆက်တိုက်ဖြစ်လာလေသောအခါ တရုတ်နိုင်ငံ အစိုးရပါ ဒေါသအချောင်းချောင်းထွက်ပြီး အပြင်းထန်ဆုံး ရာဇသံတွေပေး၊ မြ၀တီ ကျားဖြန့်၊ အွန်လိုင်းလောင်းကစားနှင့် ဆက်စပ် ဒုစရိုက်လုပ်ငန်းတွေကို အပြတ်သားဆုံး အမြစ်ဖြတ်ဖို့ အာဆီယံတခုလုံးကို အမိန့်ပေးလာခဲ့ပြီ ဖြစ်သည်။

ဇန်နဝါရီ ၁၇ ရက်နေ့မှာ လက်ရှိ အာဆီယံ ၁၀ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ဥက္ကဋ္ဌ ရာထူးကို ဧည့်သည်တော်နိုင်ငံကနေ ရယူထားသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အစည်းအဝေးလုပ်ပြီး ရာဇသံပေးလာခဲ့သည်။ အာဆီယံ နိုင်ငံများအတွင်း ဗဟိုပြုသော ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ် တိုက်ဖျက်ရေး အားချင်း လုပ်ဆောင်ကြရန်၊ တိုက်ဖျက်နိုင်ခြင်း မရှိလျှင် အင်မတန် ဆိုးရွားနေသော ကျားဖြန့် ဒုစရိုက်ဂိုဏ်းများသည် ပိုမိုကြီးထွား ဒုက္ခပေးများမည်ဖြစ်ကြောင်း၊ သို့မို့ကြောင့် တိုက်ဖျက်ရာတွင် all-out efforts ဆိုသည့် ရှိသမျှသော အစွမ်းကုန် ကြိုးစားခြင်းနှင့် တိုက်ဖျက်မည် ဖြစ်ကြောင်း၊ ကျားဖြန့်လုပ်ငန်းများတွင် အဓမ္မ ပိတ်လှောင်ခိုင်းစေ နှိပ်စက်ခံနေရသော တရုတ်နိုင်ငံသား အားလုံးကို ကယ်ထုတ်မှာဖြစ်သလို တရားခံတွေကို အပြစ်မပေးရဘဲ လွတ်မြောက်တာမျိုး မဖြစ်စေရကြောင်း၊ နယ်စပ်ဖြတ်ကျော် ဒုစရိုက်လုပ်ငန်းကြီး အဓိက တည်ရာ မြန်မာနှင့် အရှေ့တောင်အာရှနိုင်ငံများက အမြစ်ဖြတ်ရာမှာ မထိရောက်ရင် သူတို့ကိုယ်တိုင် နယ်စပ်ဖြတ်ကျော် အမြစ်ဖြတ်ပေးရမှာဖြစ်ကြောင်း အပြင်းထန်ဆုံး အသုံးအနှုန်းများနှင့် ရာဇသံပေးလိုက်သည်။

အာဆီယံနိုင်ငံများနှင့် မည်သည့်အတိုင်းအတာ အတိမ်အနက်အထိ ပူးပေါင်းတိုက်ဖျက်သွားမည် ဆိုခြင်းကို အသေးစိတ် မပြောခဲ့သော်လည်း ဝမ်ယိ စကားဖြစ်သော ခင်ဗျားတို့ နယ်စပ်ဖြတ်ကျော် နှိမ်နင်းနိုင်ခြင်းမရှိလျှင် ကိုယ်တိုင် နယ်စပ်ဖြတ်ကျော် နှိမ်နင်းအမြစ်ဖြတ်ရမည်ဟု ပြောလိုက်ခြင်းက လောက်ကိုင် ကျားဖြန့်လုပ်ငန်းကြီးနှင့် ထိုလုပ်ငန်းကို အကျိုးစီးပွားပေါင်းရှာခဲ့သော လောက်ကိုင် BGF တပ်အား မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့်တည်ပြီး ၁၀၂၇ စစ်ဆင်ရေးနှင့် အမြစ်ဖြတ်ခဲ့သည့် လမ်းစဉ်အတိုင်း မြ၀တီတကြော အမြစ်ဖြတ်မှု မကြာခင်ရောက်လာတော့မည်ကို ကြေညာလိုက်ခြင်းမျိုး ဖြစ်သည်။

ကျားဖြန့်လုပ်ငန်းများမှ လိမ်လည်ခံရသော ငွေကြေးပမာဏမှာ ၂၀၂၁ ခုနှစ် FBI အစီရင်ခံစာမှာတင် အမေရိကန် တနိုင်ငံတည်းက ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ အလိမ်ခံရကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ကျားဖြန့်ဆန့်ကျင်ရေးမဟာမိတ်များအဖွဲ့ တနှစ်တာ အစီရင်ခံစာတွင် ၂၀၂၁ ခုနှစ်ကတင် တကမ္ဘာလုံးက ကျားဖြန့်သမားတွေ လိမ်လည်သွားသော ငွေ ဒေါ်လာ ၄၇ ဒသမ ၈ ဘီလီယံ ရှိကြောင်း ဖော်ပြခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက် ဥပဒေသက်ရောက်မှု၊ အစိုးရ ဩဇာညောင်းမှု လုံး၀ပျောက်ဆုံးသွားပြီးချိန် လောက်ကိုင်နှင့် မြ၀တီတကြော ကျားဖြန့်လုပ်ငန်းများ အဆမတန် ကြီးထွားပြီး ၂၀၂၁ အစီရင်ခံစာထက် အဆပေါင်းများစွာ ငွေကြေးလိမ်လည်မှုများ ရှိလာခဲ့သည်။ ထို့ကြောင့် တရုတ်လည်း မျက်ကွယ်ပြုမနေသာတော့ဘဲ လောက်ကိုင်အပြီး မြ၀တီတကျောမှ ကျားဖြန့်လုပ်ငန်းများ၊ ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန် လာအိုဘက်ခြမ်း မဲခေါင်မြစ်တဖက် ဘိုကီယိုခရိုင်က အထပ်မြင့် ကျားဖြန့်အဆောက်အအုံများ၊ ကမ္ဘောဒီးယားမှာ အခြေစိုက်ထားသည့် ကျားဖြန့်နှင့် လောင်းကစားကွန်ရက်များကို အပြီးတိုက်ဖျက်နိုင်ရေး အင်အားသုံးတော့မည်ကို သတိပေး ခေါင်းလောင်းသံ ပေးလိုက်ခြင်း ဖြစ်ပေသည်။ ဩဂုတ်လကတည်းက လာအိုကို ဖိအားပေးခဲ့ရာမှ ဘိုကီယိုခရိုင်က ကျားဖြန့်ဒုစရိုက်သမားပေါင်း ၇၇၁ ယောက်ကို လာအိုဘက်က ဖမ်းဆီးပြီး တရုတ်ဆီ အပ်ခဲ့ပြီးဖြစ်သည်။ ဆက်လက်ပြီးလည်း ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေသည်။

အာဏာရှင် ဟွမ်ဆန် ခေါင်းကိုင်ဖခင်လုပ်ပြီး ကျားဖြန့်လုပ်ငန်းများကို နိုင်ငံရေး အကျိုးအမြတ်အဖြစ် မစွန့်လွှတ်နိုင်ဘဲ ဖက်တွယ်ထားသည့် ကမ္ဘောဒီးယားသည်လည်း တရုတ် တောင်းဆိုတိုက်တွန်းမှုကို လက်မခံလျှင် ဆိုးရွားသော အကျိုးဆက် သက်ရောက်ရတော့မည် ဖြစ်သည်။ မြန်မာ မြ၀တီကျားဖြန့်ကွန်ရက်၏ မီး၊ အင်တာနက်၊ ငွေကြေးခဝါချပေးမှု၊ ဘဏ် အသုံးပြုခွင့်များအတွက် အဓိက စီစဉ်ပေးနေရာ ထိုင်းနိုင်ငံ ဆိုတာကလည်း ကျားဖြန့်သမားများ အဓိက ဝင်ထွက်ရာ နေရာဖြစ်နေခြင်း၊ လူမှောင်ခိုလုပ်ရာ အဓိကနိုင်ငံ ဖြစ်နေခြင်းများကို တရုတ်အစိုးရဘက်က ကောင်းကောင်းသိထားသည်။

ထို့ကြောင့်ပင် တရုတ် နာမည်ကြီး ဆယ်လီများ လူမှောင်ခိုကူးခံရပြီးနောက် ယခုလနှောင်းပိုင်း စတင်မည့် တရုတ် နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံကို မသွားကြဖို့ တရုတ်ဘက်က သတိပေး၊ တားမြစ်မှုများ လုပ်ဆောင်လာသဖြင့် တရုတ်ခရီးသွားအများဆုံး လာရောက်မှုကနေ နိုင်ငံ အဓိကဝင်ငွေရသော ထိုင်းအစိုးရ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာရသည်။ လာသမျှသော နိုင်ငံခြားခရီးသွားများ လုံခြုံရေးအတွက် အာမခံကြောင်း ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းပင် ချက်ချင်း ထုတ်ပြန် စည်းရုံးလာရသည်။ မြ၀တီကျားဖြန့်လုပ်ငန်းမှ တရုတ် နာမည်ကြီး သရုပ်ဆောင်ကို လိမ်လည် ငွေညှစ်ရောင်းစား လူမှောင်ခိုကူးမှုအတွက် ထိုင်းနှင့် နိုင်ငံခြားသား ၁၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ ကွင်းဆက်များကို စုံစမ်းသိရှိထားပြီဖြစ်ကြောင်း တရုတ်အစိုးရပိုင် မီဒီယာက ကြေညာခဲ့သည်။ ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက် ထိုင်းစစ်တပ်များ ၂၄ နာရီ ဂိတ်ချထားပြီး တရုတ်အထူးတပ်ဖွဲ့များ လောက်ကိုင်ကို ဝင်ရောက်ခဲ့သလို မြ၀တီကို ဝင်ဖို့လည်း အသင့်ဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

ထိုင်းအတွက်က လက်ရှိအချိန်သည် တရုတ်-ထိုင်း သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်နှင့် တိုက်ဆိုင်နေသည်။ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပခရီးသွား သန်း ၄၀ လာရောက်ရေး မျှော်မှန်းထားသော ထိုင်းအတွက် တရုတ်နိုင်ငံသား ၇ သန်းဝန်းကျင် လာရောက်ပြီး ဝင်ငွေရနိုင်ရေး မျှော်လင့်ချက်သည်လည်း လက်ရှိအတိုင်းဆို ဖြစ်လာနိုင်ဖို့ မလွယ်ကူတော့ပေ။ ထိုသို့ဆိုလျှင် လောက်ကိုင် BGF နှင့် ကျားဖြန့် ရာဇဝတ်ဂိုဏ်းသားများကို မြောက်ပိုင်းမဟာမိတ် ၃ ဖော်အား သုံးပြီး မီးစိမ်းပြ အမြစ်ဖြတ်ခဲ့သလို မြ၀တီ၊ ရွှေကုက္ကိုလ်ကျားဖြန့်ကွန်ရက်ကြီးကိုလည်း တရုတ်တို့ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းအားကိုးဖြင့် မကြာခင် ဖြိုခွင်းပြီး ကျားဖြန့်ရာဇာများနှင့် တွဲဖက်တရားခံ BGF ခေါင်းဆောင်များကို မည်သို့ ဖမ်းဆီးကြမည်နည်းဆိုသည့် မေးခွန်းက စိတ်ဝင်စားဖို့ ကောင်းနေသည်။ ထိုင်းစစ်တပ်က ပူးပေါင်းမည်လား၊ ကရင် အင်အားကြီး KNU နှင့်ပေါင်းပြီး ကျားဖြန့်နှင့် BGF အကြီးအကဲတို့ကို အမြစ်ဖြတ် ဖမ်းဆီးမည်လား။ မင်းအောင်လှိုင် စစ်ကောင်စီတပ်များ ရှိသမျှ အင်အားအလုံးအရင်းစေလွှတ်ပြီး စစ်ဆင်ရေးကို ပူးပေါင်း အကောင်အထည် ဖော်ခိုင်းမည်လား၊ ကရင်ချင်း မတိုက်ဟု ဆိုနေသော NCA ခေါင်းဆောင်များ ဩဇာသက်ရောက်နေသေးသည့် KNU ဘက်က အကျိုးစီးပွားအရာမှာ ပတ်သက်မှုများ ရှိနေခဲ့သည်ဟု သတင်းများစွာက ညွှန်းဆိုပြနေခဲ့ရာ BGF ခေါင်းဆောင်များကို အရေးယူ ဖမ်းဆီးပေးမည်လား၊ မျက်ကွယ်ပြုနေဦးမည်ဆိုလျှင် KNU ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှု၊ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် Gen Z များအပေါ် စေတနာရင်းခံဖြင့် စစ်ပညာ သင်ကြားပေးခဲ့၊ ပေးနေမှု၊ ပြည်သူ့ထောက်ပံ့ကြေးငွေများ စီးဝင်ခဲ့မှုအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ကဏ္ဍများ ဖြေရှင်းရ ခက်ပေတော့မည်။ ပညာမတတ်၊ စီးပွားမဖြစ်၊ နိစ္စဓူ၀ သမာအာဇီ၀ ပါးရှားရပ်ဝန်းမှာ လူတော်တွေထက် မူးယစ်ဆေးကျွန်တွေ ပေါများရာ မြ၀တီမြို့လေးရဲ့ နွေဦးတော်လှန်ရေးကာလ မြင်ကွင်းများကတော့ဖြင့် လက်ရှိအထိ ထိုမျှသာပင်။

တရုတ်ဘက်မှ ဘီလူးဆိုင်းတီး ဝင်လာမည့် ကျားဖြန့် အမြစ်ဖြတ်ချေမှုန်းရေး စစ်ဆင်မှုက မည်မျှအထိ ကြီးမားသက်ရောက်ပြီး ထူးခြားပြောင်းလဲမှုများ ရှိလာစေမည်ကိုမူ မကြာခင် မြင်တွေ့ရဖို့ ရှိနေပါတော့သည်။

နွေလူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024