Home
ဆောင်းပါး
သောင်ရင်းမြစ်နံဘေး ဒုစရိုက်မြို့တော်မှ ပဲ့တင်ညံလာသည့် ငိုရှိုက်သံများ
DVB
·
January 16, 2025

“ကျမ ဒီကနေ လွတ်မြောက်နိုင်မယ် ထင်လား” ဆိုတဲ့ မေးခွန်းဟာ မြန်မာနိုင်ငံဘက်ခြမ်း ငွေလိမ်လုပ်ငန်းတွေ ကြီးစိုးရာ နယ်စပ်မြို့က ဇာတ်လမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ထားသူတွေ အတွက်တော့ အဖြေပေးစရာမရှိတဲ့ ရတက်မအေးစရာ မေးခွန်း ဖြစ်ပါတယ်။ အဲဒီလို မေးခွန်းမျိုး မေးတဲ့ အမျိုးသမီးတယောက်အဖို့ အကြမ်းဖက် နှိပ်စက်မှုတွေ ခံရနိုင်တဲ့ အရေးကလည်း သိပ်ကို ဝန်မလေးတဲ့ကိစ္စ ဖြစ်ပါတယ်။

ဆောင်းပါးရှင်ဟာ မြဝတီမြို့၊ ရွှေကုက္ကို စီးပွားရေးဇုန်မှာရှိတဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်း တခုမှာ အဓမ္မစေခိုင်းခံနေရတဲ့ လာအိုနိုင်ငံသူ ဘူအာခမ် (အမည်လွှဲ) နဲ့ ပြီးခဲ့တဲ့နှစ်က သီးသန့် စကားပြောဆိုခွင့် ရခဲ့ပါတယ်။ သတင်းသမားတယောက်အနေနဲ့ ဆောင်းပါးရှင်ဟာ မြဝတီမြို့မှာ ရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ call center တွေ အကြောင်းကို လိုက်လံစုံစမ်းပြီး အဲဒီစင်တာတွေရဲ့ သားကောင်ဘဝ ကျရောက်နေသူတချို့ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ မြဝတီမြို့ဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကို ပိုင်းခြားထားရာ သောင်ရင်းမြစ်ဘေးမှာ တည်ရှိပြီး ထိုင်းနိုင်ငံ၊ မဲဆောက်ခရိုင်နဲ့ မလှမ်းမကမ်းမှာ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး ဘူအာခမ်နဲ့ လာအိုနိုင်ငံသူနိုင်ငံသား ၁၈ ယောက်တို့ဟာ ငွေလိမ်ကျွန်ဘဝ ကျရောက်မှုကနေ လွတ်မြောက်နိုင်ရေးအတွက် လာအိုအစိုးရနဲ့ ထိုင်းအစိုးရတို့ကို သတင်းအချက်အလက်တွေ ပေးပို့နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သူတို့ဟာ အွန်လိုင်းပလက်ဖောင်းတခုကို အသုံးပြုပြီး လာအိုသံရုံးနဲ့ အဆက်အသွယ်ရခဲ့ပေမဲ့ အားတက်စရာမရှိခဲ့ဘဲ သူတို့အတွက် မျှော်လင့်ချက်မဲ့သွားသလို ခံစားစေခဲ့ရပါတယ်။ ကျားဖြန့်ဂိုဏ်းတွေ ကြီးစိုးရာ ဧရိယာဟာ တိုင်းပြည်အာဏာကို မတရားနည်းနဲ့ သေနတ်ထောက် လုယူထားတဲ့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိမနေတဲ့အတွက် လာအိုသံရုံးဘက်က ရှေ့ဆက်လို့မရ ဖြစ်နေတယ်လို့ တုံ့ပြန် ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။

မြဝတီရှိ ငွေလိမ် call center တွေမှာ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာ စတဲ့ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေ အပါအဝင် မော်ရိုကိုနဲ့ ကင်ညာတို့လို ဝေးလံလှတဲ့ အာဖရိကနိုင်ငံတွေက လူတွေနဲ့ လည်ပတ်နေတာလို့ ဘူအာခမ်က ပြောပါတယ်။ လူကုန်ကူးခံရသူများ ကူညီစောင့်ရှောက်ရေး အရပ်ဘက်အဖွဲ့အစည်း ကွန်ရက်ရဲ့ အခုလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ နိုင်ငံပေါင်း ၂၁ နိုင်ငံက ပြည်ပနိုင်ငံသား ၆,၀၀၀ ကျော် မြန်မာနိုင်ငံမှာ အထိန်းသိမ်းခံထားရတယ်လို့ သိရပြီး အမှန်တကယ် မြေပြင်အရေအတွက်ဟာ ဒီထက်မက ပိုမိုများပြားနိုင်ဖွယ် ရှိပါတယ်။

Scammer city လို့ခေါ်တဲ့ ဒုစရိုက်မြို့တော်ရဲ့ အတိမ်အနက်နဲ့ ကျယ်ပြန့်လှတဲ့ ဆက်နွှယ်မှုတွေ အကြောင်းကို နားလည်နိုင်ဖို့ဆိုရင် ထိုင်း-မြန်မာနယ်စပ်ရဲ့ အနောက်ဘက်ခြမ်းမှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်တဲ့ အခြေခံဗဟုသုတတချို့ သိရှိဖို့ လိုပါတယ်။

သောင်ရင်းမြစ်ဘေးက ဒုစရိုက်မြို့တော်ကိုတော့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းခဲ့တဲ့  ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တို့က ထိန်းချုပ်ထားပါတယ်။ အဲဒီဧရိယာဟာ ဒုစရိုက်လုပ်ငန်းတွေ မွစာတက်နေတဲ့ ဥပဒေမဲ့ ရပ်ဝန်းတခုဖြစ်သလို ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ကာလကြာ ဖြစ်ပွားနေတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ KNU ဟာ ရွှေကုက္ကိုမှာ ဝင်ရောက်စွက်ဖက်နိုင်တာမျိုး မရှိပါဘူး။ အဓိက ကတော့ ပထဝီနိုင်ငံရေး မဟာဗျူဟာအရ နိုင်ငံဖြတ်ကျော် ဒုစရိုက်ဂိုဏ်းတွေဖြစ်တဲ့ တရုတ်မာဖီးယားလို ရန်သူလက်သစ်တွေ ထပ်တိုးလာမှာ ဒါမှမဟုတ် BGF နဲ့ DKBA တို့နဲ့ ပွတ်တိုက်မှုတွေ ရှိလာမှာကို မလိုလားတာကြောင့်ပါ။ ဒီတော့ စစ်ကောင်စီနဲ့လည်း တိုက်ပွဲဖြစ်တာမျိုးမရှိတဲ့ BGF နဲ့ DKBA တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရွှေကုက္ကိုဧရိယာဟာ လူမှောင်ခိုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေ အပါအဝင် မကောင်းမှုဒုစရိုက် လောကသားတွေအတွက် ပျော်စံရာနဲ့ ဘေးကင်းလုံခြုံရာ ဘုံဗိမာန်ကမ္ဘာတခုလို ဖြစ်နေပါတယ်။

ဒီဒေသရဲ့ တချို့နေရာတွေကိုတော့ လူမှောင်ခိုကူးမှုနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးမှု လုပ်ငန်းတွေအတွက် ခရီးတထောက်နားရာ နေရာတွေအနေနဲ့ အသုံးပြုကြပါတယ်။ ဒါပေမဲ့ ဒုစရိုက်လုပ်ငန်းတွေ အားလုံးထဲမှာ တောင့်တင်းခိုင်မာဆုံးနဲ့ အကျိုးဖြစ်ထွန်းဆုံး စီးပွားရေးလုပ်ငန်းကတော့ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း ဖြစ်ပါတယ်။ ကျားဖြန့်ဂိုဏ်း ကွန်ရက်တွေဟာ တရုတ်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးအထောက်အပံ့နဲ့ လုပ်ငန်း လည်ပတ်နေတာဖြစ်ပြီး တနိုင်ငံတည်းသား ကိုယ့်လူမျိုးအချင်းချင်းကိုတောင် ပြန်ပေးဆွဲ ငွေညှစ်တာတွေနဲ့ ကျွန်ဇာတ်သွင်း ခိုင်းစေတဲ့သတင်းတွေ အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ် ကြားလာရပါတယ်။ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကနေ ပျောက်ဆုံးသွားခဲ့ပြီး မြန်မာဘက်က ကျားဖြန့်ဂိုဏ်းတခုကနေ ပြန်လည်လွတ်မြောက်လာတဲ့ တရုတ်သရုပ်ဆောင်မင်းသား ဝန်ဇင်းရဲ့သတင်းက မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး လူတွေရဲ့ စိတ်ဝင်စားမှုကို မြင့်တက်စေခဲ့ပါတယ်။

ဒုစရိုက်မြို့တော်ဝင်ပေါက် မဲဆောက်

တရုတ်မာဖီးယားဂိုဏ်းတွေအပြင် DKBA နဲ့ BGF ခေါင်းဆောင်တွေ အားလုံးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ဒုစရိုက်မြို့တော်ရဲ့ ဝင်ပေါက်အနေနဲ့ အသုံးပြုကြပါတယ်။ အခုလိုပြောရတဲ့ အကြောင်းရင်းကို ရှင်းပြရရင် မဲဆောက်ကို ဆိုက်ရောက်လာတဲ့ လေကြောင်းခရီးစဉ်အားလုံးမှာ ပါလာတဲ့ တရုတ်လူငယ် ခရီးသွားတွေကို ဇိမ်ခံကားတွေနဲ့ လေဆိပ်မှာ လာကြိုကြပါတယ်။ အဲဒီနောက် တရုတ်မာဖီးယားတွေက သောင်ရင်းမြစ်တလျှောက် လမ်းကြောင်းတွေကနေ နယ်စပ်ကိုဖြတ်ပြီး မြန်မာဘက်ကို လူကုန်ကူးကြတာပါ။ ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင်ဘဝ ကျရောက်ခဲ့ရသူတွေရဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီပုံစံအတိုင်း တွေ့ရနိုင်ပါတယ်။ အဲဒါကြောင့် မဲဆောက်ကို ဒုစရိုက်မြို့တော်ရဲ့ ဝင်ပေါက်လို့ ဆိုရတာ ဖြစ်ပါတယ်။ မဲဆောက် တာဝန်ရှိသူတွေအနေနဲ့ ဒီ တရားမဝင်လမ်းကြောင်းတွေကနေ တံစိုးလက်ဆောင်တွေ ရရှိနေတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မြဝတီမှာ အခြေစိုက်ထားတဲ့ ဒုစရိုက်လုပ်ငန်း အားလုံးနီးပါးဟာ မဲဆောက်ခရိုင်မှာရှိတဲ့ နယ်စပ်ဧရိယာတွေကို မဖြစ်မနေ အသုံးပြုကြရပါတယ်။ လူလိမ်တွေနဲ့ မှောင်ခိုကူးသူတွေဟာ ဘန်ကောက်မြို့အနီးက သုဝဏ္ဏဘူမိလေဆိပ်ကို ဆင်းသက်တာ ဒါမှမဟုတ် မဲဆောက်လေဆိပ်ကို တိုက်ရိုက် ဦးတည် လာရောက်တာမျိုးတွေ လုပ်ဆောင်ပြီး မဲဆောက်လေဆိပ်ကို ရောက်လာတဲ့ တရုတ်လူငယ်တွေကို ဇိမ်ခံကားတွေ အသုံးပြုကာ လာကြိုကြလေ့ ရှိပါတယ်။

ဒီလိုသတင်းမျိုးတွေဟာ ထိုင်းတာဝန်ရှိသူတွေနဲ့ အုပ်ချုပ်ရေးအရာရှိတွေကြားမှာလည်း ရေပန်းစား လူသိများပေမဲ့ မဲဆောက်နယ်စပ်တလျှောက်မှာ လူဝင်မှုကြီးကြပ်ရေး အခြေခံစစ်ဆေးရေး ဂိတ်တွေလောက်သာ ထားရှိထားပြီး နိုင်ငံတော်လုံခြုံရေးအတွက် အချက်ပြသတိပေးနေတဲ့ ကိစ္စကြီးကို မျက်ကွယ်ပြုထားကြပါတယ်။

တကယ်တော့ မဲဆောက်နယ်စပ်က တောနက်ထဲကို အနည်းငယ်တိုးဝင်သွားပြီး သောင်ရင်းမြစ်ရဲ့ မြစ်ကျဉ်းရေတိမ် နေရာလောက်ကနေ ဖြတ်လျှောက်လိုက်ရင် မြဝတီကို ရောက်နိုင်ပါတယ်။ ဘန်ကောက်မှာရှိတဲ့ သာပရာချန် ဆိပ်ခံတံတားကနေ ကျောက်ဖရားမြစ်ကိုဖြတ်ပြီး သွန်ဘူရီဘက်ကို ကူးဖြတ်တာကမှ တောလမ်းကသွားတာထက် ပိုပြီးတော့ ခက်ခဲနေနိုင်ပါသေးတယ်။

ထိုင်းအစိုးရအနေနဲ့ အခုချိန်မှာ လုပ်သင့်လုပ်ထိုက်တာနဲ့ လုပ်ကိုလုပ်ရမယ့် အရာကတော့ မဲဆောက်နယ်စပ်မှာ ပြည်ပနိုင်ငံခြားသား ဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးနိုင်မယ့် စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချမှတ်သွားရမှာပါ။ အဲဒီလို စစ်ဆေးရေးဂိတ်တွေ ချထားခြင်းအားဖြင့် လူကုန်ကူးမှုပြဿနာကို ထိထိရောက်ရောက် ဟန့်တားစေနိုင်သလို ယုတ်စွအဆုံး လူကုန်ကူးခံရတဲ့ ပြည်ပနိုင်ငံသားတွေကို ကယ်ထုတ်ရာမှာ အာဏာပိုင်တွေအတွက် သဲလွန်စတွေရရှိဖို့ အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။

ခေတ်သစ်ကျွန်ပြုရာဒေသ

ရွှေကုက္ကို အထူးစီးပွားရေးဇုန်မှာ ခေတ်မီအဆောက်အဦတွေ၊ ဖျော်ဖြေရေးအဝန်းအဝိုင်းတွေနဲ့ တရုတ်နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ကာစီနို လောင်းကစားဝိုင်းတွေ ရှိပါတယ်။ အပြင်ပန်းမှာ ခေတ်မီပေမဲ့ အလှည့်စားခံရပြီး ငွေလိမ်လုပ်ငန်းတွေမှာ ကျွန်ပြုစေခိုင်းခံနေရသူတွေအတွက်တော့ ကြောက်မက်ချောက်ချားဖွယ် ငရဲခန်းတခု ဖြစ်ပါတယ်။

“ဒီနေရာကနေ လွတ်မြောက်ဖို့ တခြားသူတွေကို အကူအညီတောင်းတာ သူတို့သာသိရင် ကျမကို နှိပ်စက်ပြီး မှောင်မှောင်မဲမဲ အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားကြမှာ။ ပြီးတော့ လက်တွေကို ကြိုးနဲ့တုပ်၊ မျက်နှာကြက်ကနေ တွဲလောင်းဆွဲပြီး ကျဉ်စက်တွေနဲ့ နှိပ်စက်ကြမှာ။ တချို့ ထွက်ပြေးဖို့ ကြိုးစားကြပေမဲ့ အားလုံး ပြန်ပြီးတော့ အဖမ်းခံခဲ့ရတာပါပဲ” လို့ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက အဆက်အသွယ်ရတဲ့အချိန်မှာ လာအိုသူ ဘူအာခမ်က ဆောင်းပါးရှင်ကို ပြောပြပါတယ်။

အတင်းအကျပ် ကျွန်ဇာတ်သွင်းခံရသူတွေဟာ အင်တာနက် အသုံးပြုလို့ရပေမဲ့ ငရဲခန်းကနေ လွတ်မြောက်ဖို့ ဆိုတာကတော့ မဖြစ်နိုင်လုနီးပါး အနေအထားမှာ ရှိပါတယ်။ အိန္ဒိယနိုင်ငံသားတယောက် မြန်မာနိုင်ငံက အိန္ဒိယသံရုံးနဲ့ ဆက်သွယ်ခဲ့တာကို တရုတ်သူဌေးတွေ သိသွားတော့ ရိုက်နှက်ခံရ၊ ကျဉ်စက်တွေနဲ့ ညှဉ်းပန်းနှိပ်စက်ခံရပြီး တယောက်တည်း သီးသန့် တိုက်ပိတ်ခံခဲ့ရတယ်လို့ ဘူအာခမ်က ထပ်မံ ပြောပြပါတယ်။

ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေကိုပဲ ဒီလိုအပြစ်ပေးတာလားဆိုတော့ မဟုတ်ပါဘူး။ သူတို့ ရည်မှန်းထားတဲ့ လုပ်ငန်းသတ်မှတ်ချက်ကို ပြည့်မီအောင် မလုပ်ဆောင်နိုင်ဘူးဆိုရင်လည်း လျှပ်စစ်နဲ့ ရှော့တိုက်ပြီး အပြစ်ပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ ရွှေကုက္ကိုကို ဘူအာခမ် ရောက်လာရတဲ့ အကြောင်းရင်းကလည်း အခြေခံလူတန်းစားတွေ အတွက်တော့ သိပ်ပြီး မထူးဆန်းတဲ့ ဇာတ်လမ်းတပုဒ်လို့ ဆိုရမှာပါပဲ။

ဘူအာခမ်ဟာ ဝင်ငွေနည်းပါးတဲ့ တခြားသူတွေလိုပဲ ဘန်ကောက်မှာရှိတဲ့ စားသောက်ဆိုင်တခုမှာ အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်တယောက်နဲ့ ချိတ်ဆက်မိပြီး မြန်မာနိုင်ငံမှာ ဝင်ငွေလစာကောင်းတဲ့ အလုပ်ကို လက်ခံမိခဲ့တာပါ။ ဘူအာခမ်နဲ့ တနိုင်ငံတည်းသား လာအို ၁၈ ယောက်ထဲက တချို့ဟာလည်း အလားတူ အတုအယောင် အကျိုးဆောင်တွေရဲ့ လိမ်ညာလှည့်ဖြားမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ရွှေကုက္ကို ကျားဖြန့်စင်တာတွေမှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ကင်ညာ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေ အပါအဝင် ကမ္ဘာတဝန်းက လူကုန်ကူးခံရသူတွေ များစွာရှိပေမဲ့ သူတို့ဟာလည်း သူ့လိုပဲ သက်ဆိုင်ရာ အစိုးရတွေထံကနေ အကူအညီ တောင်းခံရရှိတာမျိုး မရှိဘူးလို့ ဘူအာခမ်က ပြောပါတယ်။

ဒါဟာ အစိုးရအသီးသီးရဲ့ သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှု အားနည်းချက်တွေကို ပေါ်လွင် ထင်ဟပ်စေပြီး လက်ရှိမှာတော့ တရုတ်အစိုးရ တခုတည်းသာ သူ့နိုင်ငံသားတွေကို ဒုစရိုက်မြို့တော်ကနေ ကယ်ထုတ်နိုင်ဖို့ အင်တိုက်အားတိုက်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ တရုတ်အစိုးရဟာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသား ၁,၀၀၀ နီးပါးနဲ့ မဲဆောက်ခရိုင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တရုတ်မာဖီးယားအဖွဲ့ဝင်တွေကို လေယာဉ်တွေနဲ့ တရုတ်နိုင်ငံကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ ၃ ရက်ကြာ စစ်ဆင်ရေးကို လျှို့ဝှက်ဆောင်ရွက်ခဲ့ပေမဲ့ သတင်းထောက်တွေထံ ပေါက်ကြားလာတဲ့ သတင်းတွေအရ စစ်ဆင်ရေးဟာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေဟာ DKBA နဲ့ BGF ထိန်းချုပ်ထားတဲ့ ဧရိယာထဲကို ဘယ်လိုဝင်ရောက်နိုင်ခဲ့တာလဲ၊ ဒါမှမဟုတ် ဘာကြောင့် ဝင်ရောက်နိုင်ခဲ့တာလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ နောက်ထပ် မေးခွန်းတခုကတော့ တရုတ်မာဖီးယားတွေကို နှိမ်နင်းဖို့အတွက် တရုတ်အာဏာပိုင်တွေဟာ မဲဆောက်လေဆိပ်ကို အခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့တဲ့ကိစ္စနဲ့ မဲဆောက်ကို ဒုစရိုက်မြို့တော်ရဲ့ ဝင်ပေါက်အဖြစ် အသုံးပြုနေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေအနေနဲ့ အနာဂတ်မှာ ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒီကနေ့အချိန်အခါမှာ လူပေါင်း ရာထောင်ချီဟာ တရုတ်မာဖီးယား ကွန်ရက်တွေရဲ့ ကျွန်ဇာတ်သွင်းခံရတဲ့ သားကောင်ဘဝကို ကျရောက်နေပြီး သောင်ရင်းမြစ်ဘေးက ဒုစရိုက်မြို့တော်မှာ အထိန်းသိမ်းခံထားရပြီးတော့ သေစေလောက်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုဒဏ်တွေကို ခါးစည်းခံနေရဆဲ ဖြစ်ပါတယ်။

သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီကိစ္စအပေါ် အရေးယူမှုတွေ ဆက်ပြီး ကင်းမဲ့နေမယ်ဆိုရင် ပြည်ပနိုင်ငံသားတွေရဲ့ ရုပ်အလောင်းတွေ သောင်ရင်းမြစ်ထဲမှာ မျောပါလာတာကို တွေ့ရှိရတာမျိုး ဒါမှမဟုတ် ရုပ်အလောင်းတချို့ကို ထိုင်းနယ်စပ်မှာ လာရောက်စွန့်ပစ်ထားတာမျိုးတွေနဲ့ တနေ့နေ့ တချိန်ချိန်မှာ ကြုံတွေ့လာရနိုင်ပါတယ်။

အစိုးရတိုင်းနဲ့ နိုင်ငံသားတိုင်းက လူကုန်ကူးမှုအရေးကို အလေးပေး ဆောင်ရွက်ကြမယ်ဆိုရင် လူကုန်ကူးခံရသူတွေအတွက် အကူအညီဖြစ်စေနိုင်တယ်ဆိုတာ မကြာသေးခင်က ကျားဖြန့်ဂိုဏ်း လက်အောက်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ တရုတ်မင်းသား ဝန်ဇင်းရဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။

ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းမှာတော့ ဆောင်းပါးရှင်ဟာ ဘူအာခမ်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ အခုအခါမှာ သူ ဘယ်ကိုရောက်နေမလဲဆိုတာ သိချင်မိပေမဲ့ တချိန်တည်းမှာပဲ သူ ဘယ်လိုအဖြစ်မျိုးတွေနဲ့ ပက်ပင်းတိုးနေရမလဲ ဆိုတာကိုလည်း မဝံ့မရဲ တွေးမိပြန်ပါတယ်။ သူ ဘေးအန္တရာယ်ကင်းကင်းနဲ့ နောက်ဆုံးမှာ ငရဲခန်းကနေ လွတ်မြောက်နိုင်ပါစေလို့သာ မျှော်လင့် တောင်းဆုပြုရင်း …။

ဖတ်စကွဏ်း ကျမ်လုံးရာ့ချ်

ဘာသာပြန်-ရာစုသစ်

Ref: Bangkok Post 

(ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာဝက်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Paskorn Jumlongrach  ရဲ့ ‘Cry for help from Moei River 'scam city'  ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024