တိုက်ပွဲတွေကြောင့် ကာလအတန်ကြာ ပိတ်ထားတဲ့ ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်း ပြန်လည်ဖွင့်လှစ်မှသာ ကုန်သွယ်မှုတွေ အဆင်ပြေမှာဖြစ်လို့ လမ်းအမြန်ဆုံး ပြန်ဖွင့်လှစ်ဖို့ မျှော်လင့်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကို ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းပိုင်းတွေကနေ ဒေါနတောင်ကိုဖြတ်သန်းပြီး ခရီးသည်နဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်ခဲ့ရပါတယ်။
ဒါ့အပြင် မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေနဲ့ ကုန်သည်တွေ ရင်ဆိုင်ခဲ့ရပါတယ်။ မိုးကာလ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာကြောင့် ကော့ကရိတ်-မြဝတီ (အောက်ဗိုလ်တဲ) လမ်းဟောင်းကို ပြန်လည်အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ အာရှလမ်းပိုင်းကို ပိတ်ထားတာကြောင့် ခရီးသည်နဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်ရာမှာ ကုန်ကျစရိတ် ကြီးမြင့်တဲ့အပြင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကုန်သည်တယောက်က “အာရှလမ်းကြီးကတော့ ကျနော်တို့အနေနဲ့ ရှောရှောရှူရှူ ဖြစ်စေချင်တယ်။ ကျန်တာကတော့ နိုင်ငံရေးပယောဂတော့ ရှိကြမှာပေါ့။ ကားသွားလာနိုင်မှု လမ်းကြောင်း၊ သယ်ယူပို့ဆာင်ရေးလမ်းကြောင်းကတော့ ကောင်းစေချင်တယ်။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းရင် ကျနော်တို့လည်း ကုန်သွယ်လို့ အဆင်ပြေတယ်၊ ချောမွေ့မယ်။ အဓိကက အဲဒါပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်းကို ပိတ်ထားခဲ့ရလို့ ခရီးသည်နဲ့ ကုန်စည်တင်ယာဉ်တွေဟာ လမ်းပိုင်းဆက်သွယ်ရေးခက်ခဲပြီး ယာဉ်စီးခနဲ့ ကုန်စည်တင်ဆောင်ခတွေ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။
ဘားအံ-မြဝတီကို ခရီးသည် တယောက် ကျပ် ၁ သိန်း၊ ကုန်စည် ၁ တန်ကို ကျပ် ၂ သိန်းကနေ ၉ သိန်းအထိ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကိုင်ဂိတ်တွေ များပြားတဲ့အပြင် ဂိတ်ကြေးပေးဆောင်ရတာတွေကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်ခဲ့ပါတယ်။
နယ်စပ်ကုန်သည်တယောက်က “အာရှလမ်းပွင့်သွားရင်တော့ ကျနော်တို့ လက်ရှိသယ်နေတာက ၆ ဘီးတွေ ၁၂ ဘီးတွေနဲ့ပဲ သွားလာနေရတယ်လေ။ အာရှလမ်းပွင့်ရင်တော့ အတွဲနဲ့ သွားလာလို့ရရင်လေ ကုန်စည်တွေ ကားခဈေးနှုန်းတွေ ကျသွားမှာ။ အခုလက်ရှိက အာရှလမ်းပိတ်ထားပြီးတဲ့ နောက်ပိုင်းမှာ ၆ ဘီးတို့ ၁၂ ဘီးတို့ အသုံးပြုရတယ်။ ၆ ဘီး ၁၂ ဘီး ဆိုတော့ ကားခတွေက တအားဈေးများသွားတယ်” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်က ကော့ကရိတ်-မြဝတီ (အာရှ) လမ်းပိုင်း ပြန်လည်ဖွင့်လှစ်ဖို့ ကရင့်လက်နက်ကိုင်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပေမဲ့ သဘောထားအမြင်တွေ ကွဲလွဲခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က အောင်ဇေယျစစ်ဆင်ရေးကြီးကို ဖျက်သိမ်း ရုပ်သိမ်းပြီး စစ်တပ်အကုန်လုံး သက်ဆိုင်ရာ နယ်မြေတွေကို ပြန်သွားရင် နိုင်ငံရေးအရ အကောင်းဆုံး ဆုံးဖြတ်မယ်လို့ မျှော်လင့်ရကြောင်း KNLA တပ်မဟာ ၆ ရဲ့ တပ်မဟာလုံခြုံရေးမှူး ဗိုလ်မှူး ဒါဘောက ပြောပါတယ်။
“နိုင်ငံရေးအရ လူကြီးတွေ အကောင်းဆုံး ဆုံးဖြတ်မယ်လို့ ကျနော်မျှော်လင့်တယ်။ ဒါပေမဲ့ ကျနော်သိရသလောက် ဘယ်နည်းနဲ့မှ ဖွင့်ဖို့ ကျနော်မမြင်ဘူး။ အာဏာရှင်ပြုတ်ရင် ဖွင့်ချင်ဖွင့်မယ်။”
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ အဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျစစ်ဆင်ရေး ၄ လကြာ လုပ်ခဲ့ပေမဲ့ မအောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။
ဒါပေမဲ့ စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး တကျော့ပြန် ထိုးစစ်ဆင်နေတာကြောင့် နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အောင်ခန့်