ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေထဲ ပိတ်မိနေခဲ့တဲ့ အိန္ဒိယနိုင်ငံသား ၆ ယောက် ပြန်လည်လွတ်မြောက်လာခဲ့တဲ့အကြောင်း The Times of India သတင်းမှာ ဖော်ပြပါတယ်။
လတ်တလောမှာတော့ သူတို့ကို နေရပ်ပြန်လည်ပို့ဆောင်နိုင်ဖို့ လုပ်ဆောင်နေပြီး အခုနှစ် ဇူလိုင်လကတည်းက စတင်ကာ အဆိုပါငွေလိမ်ဂိုဏ်းတွေထဲ ပိတ်မိနေသူ အိန္ဒိယနိုင်ငံသား အယောက် ၁၀၀ ကျော်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ သားကောင်အဖြစ် ကျရောက်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားတွေ ပိုပြီးတော့ တိုးလာသလို အဆိုပါ ဒေသတွေက အလုပ်အကိုင်ကမ်းလှမ်းမှုတွေကို သက်ဆိုင်ရာသံရုံးတွေနဲ့ မတိုင်ပင်ဘဲ လက်ခံခြင်းမပြုဖို့လည်း တိုက်တွန်းထားပါတယ်။
လတ်တလောမှာတော့ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြား အဓိက ကုန်သွယ်မှုအချက်အချာ ဖြစ်တဲ့ မြဝတီမြို့က အဲဒီလို ရာဇဝတ်ဂိုဏ်းတွေအတွက် အဓိကနေရာတခု ဖြစ်လာခဲ့သလို အိန္ဒိယသံရုံးအနေနဲ့ မြဝတီမြို့တောင်ဘက်က ဖလူးဒေသကို ထိုင်းနိုင်ငံကတဆင့် မကြာခဏ လူကုန်ကူးခံရသူတွေအတွက် အန္တရာယ်ရှိ နေရာသစ်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ သားကောင်အများအပြားကို အိန္ဒိယ၊ မလေးရှားနဲ့ ယူအေအီးလို နိုင်ငံတွေက ဖြားယောင်းစုဆောင်းကြပြီး သံရုံးအနေနဲ့ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့ အေးဂျင့်တွေနဲ့ ကုမ္ပဏီတွေ စာရင်းကို ထုတ်ပြန်ထားပြီး အကူအညီလိုအပ်ပါက ဆက်သွယ်ဖို့ ဖုန်းနံပါတ်တခုကိုလည်း မျှဝေထားတယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်းအချက်အလက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။
အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့ ISP Myanmar အဖွဲ့က ပြောပါတယ်။
Source: The Times of India