Home
မြန်မာသတင်း
မြန်မာဘက်ခြမ်း ကျားဖြန့်ဂိုဏ်းမှ နိုင်ငံခြားသား ၃၉ ဦး ထိုင်းဘက်သို့ ထွက်ပြေးလာ 
DVB
·
November 25, 2024

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ ဒီကနေ့ နိုဝင်ဘာ ၂၅ ရက်မနက်က  မြန်မာဘက်ခြမ်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ နိုင်ငံခြားသား ၃၉ ဦး ထွက်ပြေး လွတ်မြောက်လာတယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါ နိုင်ငံခြားသား ၃၉ ဦးထဲမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊ နီပေါ ၅ ဦး၊ မလေးရှား ၁ ဦးနဲ့ ရုရှား ၁ ဦး ပါဝင်တယ်။ 

သူတို့ဟာ မြန်မာဘက်ခြမ်း ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ကနေ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး မဲဆောက်မြို့နယ်၊ မယ်တော်အုပ်စု၊ ဘန့်ဒွန်းချိုင်းကျေးရွာ ခလောင်းလိုတ်တောလမ်းကနေ ဝင်ရောက်လာတယ်လို့  ထိုင်း-မြန်မာ ၅ မြို့နယ် နယ်စပ် လုံခြုံရေးတာဝန်ယူထားတဲ့ ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းမှူး ဗိုလ်မှူးကြီး နာ့ဿ်ကွဏ်း ရိန်း တစ်က သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီမတိုင်ခင်ရှေ့က မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ရွာရှိ တရုတ်နိုင်ငံသားပိုင် ထိုက်ချန်ပရော ဂျက်မှာ သီရိလင်္ကာနိုင်ငံသား ၃၂ ယောက် အလိမ်ခံရပြီး ရောက်ရှိနေလို့  ကူညီကယ်ဆယ်ပေးဖို့  ဘန်ကောက် သီရိလင်္ကာသံရုံးက အကြောင်းကြားလာခဲ့တယ်။ အဲဒီနောက် DKBA ကရင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ထိုင်းစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ ဒေသ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူတွေနဲ့အတူ ထွက်ပြေးလွတ်မြောက်လာတဲ့ သူတို့တွေကို သွားခေါ်ပြီး တာ့ခ်ခရိုင်လဝကရုံးရှိ ကယ်ဆယ်ရေးဂေဟာမှာ ထားထားတယ်လို့ ဆိုပါတယ်။ 

လွတ်မြောက်လာသူတယောက်က သူတို့ဟာ အွန်လိုင်းပေါ်က အဆက်အသွယ်နဲ့ လစာကောင်းတဲ့ အလုပ်ရမယ်ဆိုလို့ လာရောက်ခဲ့ကြတယ်။ တကယ်တမ်း အလုပ်လုပ်ရတော့ အွန်လိုင်းပေါ်ကနေ လိမ်လည်ပြီး ငွေရှာပေးရမယ့်အလုပ် ဖြစ်နေတယ်။ အလုပ်ကို မတရားခိုင်းစေပြီး ခြိမ်းခြောက်ခံနေရတာလည်းရှိလို့ ဒီကနေလွတ်မြောက်နိုင်ဖို့ သီရိလင်္ကာသံရုံးကို ကြိုးစားဆက်သွယ်ပြီး အကူအညီတောင်းခဲ့တာလို့ ပြောပါတယ်။ 

အခုလို မြန်မာဘက်ခြမ်း ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေကို မကြာခဏ ကူညီပေးခဲ့ရတယ်လို့  ထိုင်းနယ်စပ်လုံခြုံရေးတာဝန်ရှိသူက သတင်းထောက်ကို ပြော သွားပါတယ်။ 

ကိုးကား - ThaiPBS / AEC အာဆီယံထိုင်းသတင်း    

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013