သြစတြေးလျ ဆယ်ကျော်သက် ၂ ယောက်ဟာ သူငယ်ချင်းတွေနဲ့အတူ ခရီးသွားရင်း လာအိုနိုင်ငံထဲမှာ အဆိပ်သင့်တယ်လို့ သံသယရှိပြီးနောက် ထိုင်းနိုင်ငံမှာ ဆေးရုံတင်ထားရကာ အသက်ကယ် အထောက်အပံ့တွေ ပေးထားရတယ်လို့ သြစတြေးလျ မီဒီယာတွေက နိုဝင်ဘာ ၁၉ ရက်မှာ ဖော်ပြပါတယ်။
မက်သနော ပါတယ်လို့ ယုံကြည်ရတဲ့ ကော့တေး ယမကာကို သောက်ပြီးတဲ့နောက် အနည်းဆုံး လူတဒါဇင်လောက် အသည်းအသန် နာမကျန်းဖြစ်ခဲ့ကြသူတွေထဲမှာ အသက် ၁၉ နှစ်အရွယ် ဘီယံကာ ဂျုံးစ်နဲ့ ဟိုးလီး ဘိုးလ်စ်တို့ ပါတယ်လို့ Seven News သတင်းဌာနက ဖော်ပြပါတယ်။
ဂျုံးစ်ဟာ ထိုင်းနိုင်ငံ ဥဒုံဌာနီမြို့က ဆေးရုံတခုမှာ ဆေးကုသမှုခံယူနေရပြီး ဘိုးလ်စ်ကတော့ ဘန်ကောက်ဆေးရုံက အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသခံနေတယ်လို့ သူ့ဦးလေးက မဲလ်ဘုန်းမြို့က ABC News သတင်းဌာနကို ပြောခဲ့ပါတယ်။
သူတို့ ၂ ယောက်ဟာ လာအိုမြို့တော် ဗီယင်ကျန်းမြို့ မြောက်ဘက် ဗန်ဗီယန်မှာရှိတဲ့ နာနာ ကျောပိုးအိတ် ကမ္ဘာလှည့်ခရီးသည် တည်းခိုခန်းမှာ တည်းခိုခဲ့ကြပြီး အနီးနားက ဘားတခုမှာ နိုဝင်ဘာ ၁၂ ရက်က အရက်သောက်ခဲ့ကြပြီး မနက်မိုးလင်းတဲ့အခါ သူတို့ နေမကောင်း ဖြစ်နေကြပါတယ်။
ရိုက်တာသတင်းဌာနက သူတို့တည်းခဲ့တဲ့ တည်းခိုခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဒီသတင်းထွက်ချိန်အထိ တုံ့ပြန်မှု မရသေးပါဘူး။
Source : Reuters