Home
ရုပ်သံ
ထိုင်းတွင်မွေးသည့် မြန်မာကလေးငယ်များ မွေးစာရင်းလုပ်ရန် စစ်ကောင်စီသံရုံးထုတ်ပြန် 
DVB
·
November 19, 2024

ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကလေး မွေးဖွားလာရင် ကလေးမွေးစာရင်းအတွက် မြန်မာပြည်ထိပြန်စရာမလိုဘဲ မြန်မာသံရုံးနဲ့ ကောင် စစ်ဝန်ရုံးတွေမှာ သွားရောက်မှတ်ပုံတင်နိုင်တယ်လို့  ဘန်ကောက်ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးက နိုဝင်ဘာ ၁၈ ရက်က ထုတ်ပြန်ပါတယ်။

၁၉၈၂ မြန်မာနိုင်ငံသားဥပ‌ဒေ ပုဒ်မ ၁၀ အရ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးလာတဲ့ကလေးတွေအတွက် မွေးတဲ့နေ့ကစပြီး တနှစ်အတွင်း ဘန်ကောက်ရှိ မြန်မာသံရုံး ဒါမှမဟုတ် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှာ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူကိုယ်တိုင် သွား‌ရောက်မှတ်ပုံတင်နိုင်တယ်လို့ ဆိုပါတယ်။

မှတ်ပုံတင်တဲ့အခါ လိုအပ်တဲ့စာရွက်စာတမ်းတွေမှာ ကလေးမွေးဖွားကြောင်း မွေးစာရင်းမိတ္တူ ( အင်္ဂလိပ်ဘာသာပြန်)၊ မိဘနှစ်ပါးရဲ့ မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူ၊ နိုင်ငံသားမှတ်ပုံတင် မိတ္တူနဲ့  နိုင်ငံတော်ပြင်ပမှာ ကလေးမွေးဖွားခြင်းမှတ်တမ်း ( ပုံစံ နိုင်-၈ ) ကို ဖြည့်စွက်ရမှာဖြစ်တယ်၊ ဝန်ခံကတိပြုချက်မိတ္တူပါ ပူးတွဲတင်ပြရမယ်လို့ ဆိုပါတယ်။

ကောင်စစ်ဝန်အရာရှိတွေက လိုအပ်သလိုစိစစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြ အတည်ပြု ချက်ရယူခြင်း၊ နိုင်ငံတော်ပြင်ပမှာ မွေးဖွားခြင်းမှတ်ပုံတင်ခြင်း၊ မိဘရဲ့ နိုင်ငံသားလက်မှတ်မှာ အမည်ထည့်သွင်းတာတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ 

မှတ်ပုံတင်ပြီးတဲ့ကလေးတွေ ထိုင်းမှာဆက်နေမယ်ဆိုရင်လည်း လျှောက်ထားသူရဲ့ ကိုယ်ရေးလျှောက်လွှာအချက်အလက်ပုံစံ  ( ဓာတ်ပုံကပ်လျက် )၊ ကလေးမွေးစာရင်းမိတ္တူ ( ထိုင်း/အင်္ဂလိပ် ) ၊ မိဘရဲ့ နိုင်ငံကူးလက်မှတ်မိတ္တူနဲ့ သက်တမ်းရှိဗီဇာ၊ မိဘရဲ့ နိုင်ငံသား ကတ်မိတ္တူ၊ လက်ထပ်စာချုပ်မိတ္တူ၊ မိဘတွေဟာ ထိုင်းမှာအလုပ်လုပ်နေရင် အလုပ်သမားကတ်နဲ့ ဝင်ငွေခွန်ဆောင်ထားတဲ့အထောက်အထား စတာတွေနဲ့အတူ မြန်မာသံရုံး/ကောင်စစ်ဝန်ရုံးမှာ လျှောက်ထားနိုင်တယ်၊ အချိန် ၄ လလောက်ကြာနိုင်တယ်လို့  ဆိုပါတယ်။

ကလေးကို မြန်မာနိုင်ငံကူးလက်မှတ် (မွေးတိုး) မလျှောက်ထားဘဲ မြန်မာပြည်ကို အမြန်ပြန်ခေါ်မယ်ဆိုရင် တခါသုံးမည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (One way Certificate of Identity- CI)  လျှောက်ထားနိုင်တယ်၊ အထက်ဖော်ပြပါ မိဘနဲ့ကလေးအထောက်အထားအပါအဝင် လေယာဉ်လက်မှတ်မိတ္တူ၊ ကလေးအတွက် CI လျှောက်လွှာ၊ မိခင် ဒါမှမဟုတ် ဖခင်တယောက်တည်းသာ ပြန်ခေါ်မယ်ဆိုရင် ကျန်မိဘဘက်က ကန့်ကွက်ရန်မရှိတဲ့ ဝန်ခံချက်လိုအပ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာမိဘနှစ်ပါးကနေ မွေးဖွားတဲ့ ကလေးတွေရဲ့ မွေးစာရင်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လုပ်ပေးနေပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013