ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်ထဲမှာ နိုင်ငံမဲ့သူများမှတ်ပုံတင် ကိုင်ဆောင်သူတေယာက်ထံက စိတ်ကြွဆေးပြား ၁၇၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်တွင်း တာဝန်ကျ စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ်နဲ့ အထွေထွေအုပ်ချုပ်ရေးဌာနက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၁၇ ရက် မနက်က နောင်လူးအုပ်စုရှိ နမ့်ကလစ် စစ်ဆေးရေးဂိတ်မှာ ယာဉ်အသွားအလာတွေ စောင့်ကြပ်စစ်ဆေးစဉ် မနက် ၇ နာရီခွဲလောက်မှာ အီစူဇူးကားတစီးပါ ဝင်ရောက်လာတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ယာဉ်မောင်းမှာ မသင်္ကာဘွယ်ရှိတာကြောင့် ကားကိုတားဆီးပြီး စစ်ဆေးရှာဖွေခဲ့တယ်၊ ကားနောက်ခန်းက စက္ကူဖာ ၂ ဘူးထဲမှာ စိတ်ကြွဆေးပြားတွေ တင်ဆောင်လာတာ စုစုပေါင်း ၁၇၀,၀၀၀ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းဖြစ်သူမှာ ထိုင်းနိုင်ငံကထုတ်ပေးတဲ့ နိုင်ငံမဲ့သူများလက်မှတ်ရှိပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူဖို့ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။