ဒီခေါင်းစဥ်နဲ့ ဆောင်းပါးတပုဒ် ရေးချင်ခဲ့တာ ကြာပါပြီ။ မရေးဖြစ်ခဲ့တာပါ။ အခုတော့ ရေးဖြစ်ဖို့ အလွန်ပြင်းတဲ့ တွန်းအားနှစ်ခုနဲ့ အတွန်းခံရသလိုဖြစ်လို့ ရေးဖြစ်ခဲ့ပါပြီ။ အဲဒီတွန်းအားထဲက ပထမတခုကတော့ မြန်မာနောင်းက ခေါင်းကြီးသတင်းကို ဖတ်လိုက်မိချိန်ပါပဲ။
စစ်ကိုင်းတိုင်းမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ရုံးစိုက်တော့မည်ဆိုတဲ့ သတင်းပါပဲ။ နောက်တခုက စစ်ကိုင်းတိုင်းအတွင်းမှာ တပ်ရင်း တပ်ဖွဲ့ကို ဦးဆောင်နေတဲ့ တာဝန်ခံ ခေါင်းဆောင်တယောက်နဲ့ အစည်းအဝေးတခုမှာ ဆွေးနွေးဖြစ်သွားတဲ့ အကြောင်းအရာတခုပါ။ NUG နဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်တဲ့အခါ သူက အခုလို မှတ်ချက်ပြု ဆွေးနွေးပါတယ်။
“ကျနော်တို့ အသက်ကို ပေးရလောက်တဲ့ ယုံကြည်မှုမျိုး၊ ယုံကြည်ရလောက်တဲ့ ခေါင်းဆောင်မှုမျိုး NUG မှာ ရှိမနေဘူး” ဆိုတဲ့ ဆွေးနွေးချက်တခု။
ကျနော် အဲဒီအချိန်မှာ တချိန်ချိန်မှာတော့ ဒီစကားရပ်နဲ့ ပတ်သက်ပြီး ဆောင်းပါးတပုဒ်တော့ ရေးဦးမယ်လို့ တို့ထားလိုက်မိပါတယ်။ တေးထားလိုက်မိပါတယ်။ အဲဒီအစည်းအဝေးအပြီး ကျနော့်ခေါင်းထဲက ထုတ်မရခဲ့ မေးခွန်းလေးတခုက ကျနော့်ရင်ကို လာပြီး ခဏခဏရိုက်ခတ်လာပါတယ်။
အသက်ပေးရလောက်တဲ့ ယုံကြည်မှုဆိုတာ ဘာလဲ
‘အသက်ပေးရလောက်တဲ့ ယုံကြည်မှု’ ဆိုတာ တဦး တယောက်အနေနဲ့ ကိုယ့်ရဲ့အသက်ကို စွန့်လွှတ်ပြီး တာဝန်ထမ်းရွက်ပေးသင့်လောက်တဲ့ ခိုင်မာမှုမျိုး၊ တနည်းအားဖြင့် အယူဝါဒ တရပ်အပေါ် နက်နက်ရှိုင်းရှိုင်း သက်ဝင်ယုံကြည်မှုမျိုးကို ဆိုလိုပါတယ်။
ယုံကြည်မှုတခုရဲ့ အနက်နဲဆုံး အရေးပါတဲ့ တန်ဖိုးတခုကို ကိုယ့်ရဲ့စွန့်လွှတ်မှုနဲ့ သက်သေပြတဲ့အခါမှာ အဲဒီယုံကြည်မှုက ‘အသက်ပေးရလောက်တဲ့’ အဆင့်အထိ အဓိပ္ပာယ်ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးခရီးကြမ်းဆိုတာ ဘာလဲ
‘တော်လှန်ရေးခရီးကြမ်း’ ဆိုတာ မတူညီတဲ့ အမျိုးမျိုးသောအခက်အခဲတွေ၊ ခံစားရတဲ့ နာကျင်မှုတွေနဲ့ ရင်ဆိုင်ရခက်ခဲသော ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးလမ်းကြောင်းတွေလို့ လေးလေးနက်နက် အဓိပ္ပာယ်ကောက်ယူစေချင်ပါတယ်။
အထူးသဖြင့် တရားမဝင်ခြင်းတွေ ဖိနှိပ်ခြင်းတွေနဲ့ ရှေးဟောင်း ခေတ်ဟောင်း ပုပ်သိုး ဆွေးမြည့်နေတဲ့ စနစ်ဆိုးဟောင်းများကို ပြန်လည်ပြောင်းလဲဖို့အတွက် စစ်ဆင်ရေးတွေနဲ့ ရေကုန်ရေခမ်း ကျားကုတ် ကျားခဲ ကြိုးပမ်းမှုတရပ်ဖြစ်ပါတယ်။
ဒီစကားစုနှစ်ရပ်ကို အတူတူပေါင်းစပ်ကြည့်တဲ့အခါ ‘အသက်ပေးရလောက်တဲ့ ယုံကြည်မှု’ နဲ့ ‘တော်လှန်ရေးခရီးကြမ်း’ ကို အဓိပ္ပာယ်ဖွင့်ကြည့်တဲ့အခါ ယုံကြည်မှုရဲ့တန်ဖိုးနဲ့ အဓိပ္ပာယ်ကြီးမားခြင်းကို အခြေခံပြီး ခက်ခဲရုန်းကန်မှုတွေကို ရင်ဆိုင်ကာ လူမှုရေးနဲ့ နိုင်ငံရေးစနစ်တွေကို ပြောင်းလဲဖို့ ကြိုးပမ်းတဲ့ မတူညီတဲ့ လူ့ဘောင်တခု ဖန်တီးလိုတဲ့ ရည်မှန်းချက်တွေပဲလို့ နားလည်ကြည့်လို့ ရမှာပါ။
ဒီလိုဆိုရင် စစ်ကိုင်းမှာ ပြည်ထောင်စုအစိုးရ ရုံးထိုင်ဖို့ လုပ်လာတဲ့ NUG ဟာ အသက်ပေးရလောက်တဲ့ ယုံကြည်အပ်တဲ့ အစိုးရဖြစ်ပြီလားလို့ မေးခွန်းရှိလာရပါတယ်။
NUG (သို့မဟုတ်) အမျိုးသားညီညွတ်ရေးအစိုးရ ကို ‘အသက်ပေးရလောက်တဲ့ ယုံကြည်အပ်တဲ့ အစိုးရ’ လို့ သတ်မှတ်လို့ ရနိုင်ခြင်းဟာ ၎င်းအပေါ်မှာ လူထုရဲ့ယုံကြည်မှုနဲ့ အားထားမှုအပေါ် မူတည်လိမ့်မယ်လို့ပဲ ပြောရမှာပါ။
ယုံကြည်မှုအပေါ် ဆန်းစစ်တဲ့အခါ NUG အနေနဲ့ တော်လှန်ရေးနဲ့ ဒီမိုကရေစီဖွံ့ဖြိုးမှုအတွက် အဓိကအဖြစ် တည်ဆောက်ထားပြီး အများပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုဖို့ ကြိုးစားနေတယ် ဆိုတာကို တွေ့ရမှာပါ။ သို့သော်လည်းပဲ ‘အသက်ပေးရလောက်တဲ့ ယုံကြည်မှု" ဆိုတာမှာတော့ ၎င်းအပေါ် ယုံကြည်မှုကို လုံးဝ အမှီပြုနိုင်ရုံသာမက ၎င်းက မိမိတို့ ရှင်သန်မှုနဲ့ တိုင်းပြည်အနာဂတ်အတွက် အထူးအရေးပါတယ်ဆိုတဲ့ အထောက်အထားတွေအပေါ်မှာလည်း မူတည်စေပါတယ်။ ပုံမှန်အခြေအနေတွေကို ဆန်းစစ်လေ့လာကြည့်တဲ့အခါ အောက်ပါ အချက်အလက်တွေကို တွေ့ရမှာပါ။
လူထု၏ထောက်ခံမှု
NUG အပေါ် ယုံကြည်မှုနဲ့ ထောက်ခံမှုကို လူထုအများအပြားကို ဆန်းစစ်ကြည့်လိုက်တော့ ပြဿနာတွေကို ရင်ဆိုင်နေရမှုတွေအတွက် အထောက်အထားပြုလိုက်ပါက ၎င်းကို ယုံကြည်ရစရာရှိတယ်လို့ သတ်မှတ်ကြတာ တွေ့ရပါတယ်။
အောင်မြင်မှု
NUG ရဲ့ အစီအစဉ်တွေနဲ့ လှုပ်ရှားမှုတွေက တရားမျှတမှု၊ လွတ်လပ်မှု၊ တိုင်းပြည်ရဲ့ ပြန်လည်တည်ဆောက်မှုတို့အတွက် ထိရောက်စွာ ဆောင်ရွက်နေရပါက "အသက်ပေးရလောက်တဲ့ ယုံကြည်မှု" ဖြစ်လာနိုင်ပါတယ်။
အတားအဆီးများ
အခက်အခဲတွေ၊ အတားအဆီးတွေကြားမှာ တာဝန်ယူမှုရှိပြီး၊ လူထုကို ယုံကြည်စေတဲ့ တာဝန်ထမ်းဆောင်မှုတွေ ပြုလုပ်နိုင်ဖို့လိုအပ်ပါတယ်။
NUG ဟာ "အသက်ပေးရလောက်တဲ့" အစိုးရဖြစ်ဖို့မှာ ယုံကြည်မှု၊ ပြည်သူလူထုရဲ့ ပေါင်းစည်းမှု၊တည်ငြိမ်မှု တို့ကို အလုံးစုံ တည်ဆောက်နိုင်ဖို့သာ မူတည်တယ်လို့ ဆိုနိုင်ပါတယ်။ အခုဆိုရင် စစ်ကိုင်းတိုင်းမှာ NUG က ပြည်ထောင်စုအဆင့် ရုံးဆိုက်မယ်လို့ ပြောတဲ့ အတွက် တော်လှန်ရေးအတွက် ကောင်းကျိုးရှိနိုင်ပါသလား ဆိုတာ ဆန်းစစ်ဖို့ ဖြစ်လာပါတယ်။
စစ်ကိုင်းတိုင်းမှာ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) ပြည်ထောင်စုအဆင့်ရုံးကို ဆိုက်ဖို့ ကြေညာခြင်းဟာ တော်လှန်ရေးအတွက် အရေးကြီးသော သက်သေတရပ်တော့ဖြစ်နိုင်ပါတယ်။ သို့သော် ဒီလှုပ်ရှားမှုမှာ ကောင်းကျိုးတွေရော ဆိုးကျိုးတွေရော စိန်ခေါ်မှုတွေပါ ရှိလာနိုင်ပါတယ်။ ပထမဦးစွာ ကောင်းကျိုးတွေကို ကြည့်ရအောင်ပါ။
အာဏာပိုင်စိုးမှုကို ပြသနိုင်ခြင်း
ရုံးတည်ထောင်ခြင်းဟာ NUG ရဲ့ အစိုးရအဖြစ် တိုင်းပြည်အတွင်း ဂဏန်းကျကျ တည်နေရာရှိပြီး အုပ်ချုပ်မှုလုပ်ဆောင်နိုင်စွမ်းရှိကြောင်း ပြသရာ ရောက်ပါတယ်။
ပြည်သူ့လူထုရဲ့ ယုံကြည်မှု တိုးပွားလာခြင်း
ပြည်ထောင်စုရုံးတခု တည်ထောင်ခြင်းက NUG ရဲ့ နိုင်ငံရေးအာဏာကို လိုက်နာမယ့် ပြည်သူလူထုတွေရဲ့အားကို ပို၍ အားကောင်းစေပြီး ယုံကြည်မှုကို ပိုပြီးတိုးပွားစေမှာ မလွှဲပါပဲ။
ဒေသဖွံ့ဖြိုးတိုးတက်မှု
တော်လှန်ရေးဦးစီးမှုနဲ့ ဆက်သွယ်မှုအတွက် ဒေသတွင်း ကောင်းမွန်သော စနစ်တခု ဖြစ်လာစေမှာဖြစ်ပြီး ဒေသခံများအတွက် ပိုမိုခိုင်မာတဲ့ မျှော်လင့်ချက်တွေကို ဖန်တီးနိုင်လာမှာပါ။
နိုင်ငံတကာကို သက်သေပြနိုင်ခြင်း
ပြည်ထောင်စုရုံးတည်ထောင်ခြင်းဟာ NUG ကို နိုင်ငံတကာအနေအထားမှာ ပြည်သူလူထုကို အခြေပြုတဲ့၊ မြေပြင်ကို အခြေပြုတဲ့ လက်တွေ့အစိုးရတခုအဖြစ် သက်သေပြနိုင်တဲ့ လှုပ်ရှားမှုတရပ်အဖြစ် မြင်နိုင်လာစေမှာပါ။ စိန်ခေါ်မှုတွေနဲ့ ဆိုကျိုးတွေကိုလည်း ဂရုမမူလို့ မရပါဘူး။
လုံခြုံရေးအန္တရာယ်
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုနဲ့ ဖိနှိပ်မှုကြောင့် အဆိုပါရုံးရဲ့ လုံခြုံရေးကို အထူးစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူများအပေါ်လည်း အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကို အထူးသတိချပ်ဖို့ လိုပါမယ်။
ဒေသခံပြည်သူလူထု ထောက်ခံမှု
ဒေသခံများထံမှတိကျသော ထောက်ခံ ပံ့ပိုးမှုမရှိပါက ရုံးတည်ထောင်ခြင်းဟာ အောင်မြင်မှုမရနိုင်တာအပြင် အတားအဆီးတခုအဖြစ်တောင် ဖြစ်သွားနိုင်ပါသေးတယ်။
စစ်အာဏာရှင်တွေရဲ့ တုံ့ပြန်မှု
စစ်အာဏာရှင်မှ ဒီလှုပ်ရှားမှုကို အကြမ်းဖက်စစ်ဆင်ရေးအဖြစ် ရည်ညွှန်းကာ အကြမ်းဖက်မှုများကို ပိုလုပ်ဆောင်လာနိုင်ပါတယ်။
NUG ရဲ့ ပြည်ထောင်စုအဆင့်ရုံး တည်ထောင်ခြင်းက တော်လှန်ရေးအတွက် အရေးပါသော လှုပ်ရှားမှုတခု ဖြစ်ပြီး လုံခြုံရေးစီမံကိန်း နဲ့ ဒေသနေ ပြည်သူလူထုရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိပါက ထိရောက်တဲ့ မူဝါဒတခုအဖြစ် သက်သေပြနိုင်မှာပါ။ ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ တုံ့ပြန်မှုနဲ့ အန္တရာယ်တွေကိုလည်း အသေအချာ စဉ်းစားချင့်ချိန်ကာ ရှေးရှုရန်လည်း လိုအပ်ပါတယ်။
NUG စစ်ကိုင်းမှာ ရုံးခန်းဖွင့်ခြင်းကို စစ်ရေးအမြင်နဲ့ သုံးသပ်ထားတာလေးနဲ့ နိဂုံးချုပ် ပေးချင်ပါတယ်။
စကစ ဟာ လက်ရှိပြည်တွင်းစစ်မှာ သူ့ရဲ့ ဝှက်ဖဲအားလုံး မသုံးရသေးပါဘူး။ ကမ္ဘာ့အဆင့် ၃၈ ခေါင်းစဉ်ဟာ စစ်သည်အင်အား တခုတည်းနဲ့ ဆုံးဖြတ်ထားတာမဟုတ်ပါဘူး။ ဆိုလိုတာက စကစမှာ လုံးဝမသုံးရသေးတဲ့ မြောက်ကိုရီးယားဆီက Husung 5-6 နဲ့ တရုတ်ပြည်ထုတ် DF-12A/SY 400 DF-11/ M 11 Ballistic Missile ဒုံးစနစ်တွေ ရှိပါသေးတယ်။
အဲဒီ ဒုံးကျည်စနစ်တွေဟာ ဒုံးစနစ်ကျွမ်းကျင်သူတွေ လက်ထဲမှာဆိုရင် အနည်းဆုံး ၂၀၀ ကီလိုမီတာကနေ ၅၀၀ ကီလိုမီတာအထိ ထိရောက်တဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဆိုလိုတာက မိုင် ၁၀၀ ကနေ ၃၀၀ အတွင်း ပစ်မှတ်အချက်အလက်သာတိကျရင် ပစ်ခတ်နိုင်တာပါ။
ထို့အတူပဲ SU-30 ဟာ မဟာဗျူဟာမြောက် ဘက်စုံသုံး ဗုံးကြဲတိုက်လေယာဉ်ဖြစ်လို့ မြေပြင်ပစ်မှတ်တွေကို ချေမှုန်းရာမှာ နေ့၊ ည၊ မရွေး၊ ရာသီမရွေး ချေမှုန်းနိုင်တဲ့ လေယာဉ်ပါ။ အထူးသဖြင့် အလွန်တိကျတဲ့ မြေပြင် ပစ်မှတ်အချက်အလက်ရရှိပြီး ကျွမ်းကျင်တဲ့ ပိုင်းလော့ဖြစ်ခဲ့ရင် Guided Missile တွေ ပဲ့ထိန်းဗုံးတွေကို တိကျစွာကြဲချနိင်ပါတယ်။
ဒီနေ့အထိ စကစဟာ ပဲ့ထိန်းဗုံးတွေ အသုံးမပြုရသေးပါ။ ဒီလက်နက်တွေကို စစ်ပွဲ နောက်ဆုံးအဆင့်မှာ စကစဟာ ပိုမိုတိကျစေဖို့ တရုတ်ကျွမ်းကျင်သူ၊ ရုရှားပိုင်းလော့တွေနဲ့ အစားထိုး အသုံးပြုနိုင်ပါတယ်။
လက်ရှိ နိုင်ငံရေးနဲ့စစ်ရေးအခင်းအကျင်းမှာ NUG ဟာ စစ်ရေးအရ အတိုင်းအတာတခုအထိသာ နယ်မြေစိုးမိုးနိုင်ပေမဲ့ NUG ဟာ တော်လှန်ရေးရဲ့ အညှာတခုဆိုတာ ငြင်းမရပါဘူး။
NUG မရှိခဲ့ရင်၊ ပြိုကွဲဆုံးရှုံးခဲ့ရင် ပထမဆုံး ဝါးအစည်းပြေသလို ချည့်နဲ့သွားမှာက PDF ပါ။ နောက်တချက်က ပြည်နယ်ဒေသတွေက တိုင်းစစ်ဌာနချုပ်တွေမှာ တိုင်းရင်းသားအလံ စိုက်တာထက် တပ်ရင်းတခု၊ မြို့တမြို့မှာ PDF အလံစိုက်တာကို စကစက လုံးဝလက်မခံပါဘူး။ ကောလင်းက ဥပမာပါ။ ဒါ့ကြောင့် NUG ဟာ တိုင်းရင်သားလူမျိုးစုတွေထက်ပိုပြီး စကစအတွက် အန္တရာယ်အကြီးဆုံးလို့ ပြောလို့ရပါတယ်။
NUG ကို Shadow Government ဆိုပြီး မီဒီယာတွေက စတင်သုံးစွဲနေကြတဲ့ ဒီကာလ ရောက်လာတဲ့အခါ NUG ခေါင်းဆောင်တွေကို ပြည်တွင်းက စိုးမိုးနယ်မြေတွေကို ပြန်လာဖို့ ဝေဖန်ကြတဲ့ ကိစ္စဟာ နိုင်ငံရေးအတွက် အကျိုးသက်ရောက်မှု တစုံတရာရှိလာနိုင်ပေမဲ့ စစ်ရေးအမြင်အရတော့ သတ်ကွင်းထဲ ဆွဲခေါ်တဲ့ပုံစံ ဖြစ်နေပါတယ်။
စကစဟာ ဒီအချိန်မှာ စစ်ရေးအရ အရေးနိမ့်နေပေမဲ့ ခေါင်ကို ဖြုတ်ချနိုင်တဲ့အထိတော့ အင်အားကျန်ပါသေးတယ်။ ဒလန် သို့မဟုတ် သတင်းပေးတယောက်လောက်သာ တိကျတဲ့ မြေပုံညွှန်း ပေးနိုင်ရင် အဲဒီနေရာကို ချေမှုန်းနိုင်တဲ့ စစ်စွမ်းအားရှိပါသေးတယ်။
ဆိုလိုတာက မြန်မာပြည်ထဲမှာ တစုတစည်းတည်း ပြန်လည်ဝင်ရောက်လာပြီး အစိုးရအဖွဲ့ရုံးခန်း လာဖွင့်မယ့် NUG ခေါင်းဆောင်တွေ တည်ရှိရာနေရာ မြေပြင် သတင်းအချက်အလက်တခုသာ ပေါက်ကြားခဲ့ရင် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးက စစ်ရေးအရကြည့်ရင် မခန့်မှန်းနိုင်တဲ့ ဆိုးကျိုးပါ။
ဒီဆိုးကျိုးကြောင့် သက်ရောက်လာတဲ့ဖြစ်စဉ်တွေက အရင်ဆုံး PDF, တော်လှန်ပြည်သူ နဲ့ ထောက်ပို့ အကုန်လုံး ဖရိုဖရဲဖြစ်စေမှာပါ။ ဒါ့ကြောင့် စစ်ရေးအမြင်နဲ့ဆိုရင် ဒီလိုကာလမှာ NUG ခေါင်းဆောင်တွေဟာ စကစ ရဲ့ စက်ကွင်းလွတ်တဲ့နေရာမှာ နေထိုင်၊ လှုပ်ရှားသင့်ပါသေးတယ်။
NUG ဘက်ကလည်း ဒီလိုကာလမှာ ရုံးခန်းဖွင့်ဖို့ မလိုသေးပါဘူး။ သတင်းလုံခြုံမှုနဲ့ပတ်သက်ရင် လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ တော်လှန်ရေးအင်အားစုတွေဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေလို မဟုတ်ဘဲ သတင်းလုံခြုံမှု အားနည်းပါသေးတယ်။ သူလျှို၊ ဒလန် ပေါပါတယ်။ ဒါ့ကြောင့် Message တစောင် မြေပုံညွှန်း ကိုဩဒိနိတ်တခုက လက်ရှိ စစ်ရေးနဲ့ နိုင်ငံရေးအခင်းအကျင်းကို ပြောင်းလဲသွားစေနိုင်ပါတယ်။
ဒီနေရာမှာ ယူကရိန်းသမ္မတ ဇလန်စကီး ရှေ့တန်းထွက်ပုံနဲ့ နှိုင်းယှဉ်လို့မရပါ။ ဇလန်စကီး နောက်မှာ ကျွမ်းကျင်တဲ့ သတင်းထိန်းချုပ်နိုင်စွမ်း၊ တန်ပြန်ထောက်လှမ်းနိုင်စွမ်းရှိတဲ့ ဝါရင့်ပညာရှင်ပေါင်း များစွာ ဝန်းရံနေကြပြီး နိုင်ငံတကာက အဆင့်မြင့်လုံခြုံရေးနည်းပညာပေါင်းစုံ လေယာဉ်၊ ရဟတ်ယာဉ်ပေါင်းစုံ ပံ့ပိုးပေးထားတာပါ။
NUG ဝန်ကြီးတွေက လက်ဗလာနဲ့ Double Cab တစီးနဲ့ ကုန်းလမ်းကို အဓိကထားပြီး ပြည်တွင်းက တောင်တန်းတွေမှာ လျှောက်သွားရမှာပါ။ ဘယ်လောက် အန္တရာယ်များလည်း မြင်အောင်ကြည့်ပါ။ ဒီတော့ မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သည့်နှပ်ကြောင်းဖြင့် NUG ခေါင်းဆောင်တွေကို ပြည်တွင်းကို ခေါ်ယူနေပါစေ၊ စစ်ရေးအမြင် တခုတည်းနဲ့ဆိုရင်တော့ သတ်ကွင်းထဲ ဆင်းခိုင်းတဲ့ ဖိတ်ခေါ်မှုပါပဲ။
မင်းမိုးယံ Freedom Fighter က အထက်ပါအတိုင်း သုံးသပ်ထားတာပါ။ အင်မတန် စိတ်ဝင်စားစရာ ကောင်းပြီး သတိတမံ ဉာဏ်မြေကတုတ် လုပ်ကာ စဉ်းစားချင့်ချိန်နိုင်ဖို့ ဒီဆောင်းပါးထဲမှာ အရေးပါတဲ့ ချိတ်တွဲမှုအနေနဲ့ ထည့်ပေးလိုက်ရပါတယ်။
အနှစ်ချုပ်ရရင် စစ်ကိုင်းဟာ အသက်ပေးရလောက်တဲ့ ယုံကြည်မှုတွေနဲ့ ခရီးဆက်နေနိုင်ရဲ့လား၊ ဒါမှမဟုတ် တော်လှန်ရေးခရီးကြမ်းကြီးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတူတကွ ဆက်လက်လျှောက်လှမ်းနိုင်ကြမလားဆိုတာ ကျနော်တို့ ရင်တမမနဲ့ စောင့်ကြည့်နေရဦးတော့မှာပါ။