Home
မြန်မာသတင်း
ရေဦးတွင် စစ်မှုထမ်းရန် ဖမ်းဆီးခံထားသူ ၃ ဦး ထွက်ပြေး၊ စစ်ကိုင်းက စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
January 21, 2025
Photo-သံမဏိ Force
Photo-စစ်ကောင်စီ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ရဲ့ အဓမ္မဖမ်းဆီးခံထားရသူ ၃ ဦးဟာ ဇန်နဝါရီ ၁၉ ရက်က ထွက်ပြေးလွတ်မြောက်လာတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦး ပကဖ) ဆီကနေ သိရပါတယ်။

ရေဦး ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူတဦးက “သူတို့ ၃ ယောက်လုံးက ရေဦးမြို့ပေါ် အောင်ဆန်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်တွေကပါ။ တညတည်း အဖမ်းခံရတာ ၁၆ ရှိတယ်လို့ သိရတယ်ဗျ။ ၁၆ ယောက်လုံးကို ရေဦး အထက ကျောင်းထဲက စာသင်ခန်းထဲထည့်ပြီး အပြင်က သော့ခတ်ထားတာ။ အဲ့ဒီ ၁၆ ယောက်ထဲက ၃ ယောက်ထွက်ပြေးလာပြီးမှ ကျနော်တို့ဆီကို ဆက်သွယ်လာလို့ သွားခေါ်ခဲ့ရတာပါ။ အထက ၁ စာသင်ခန်းထဲမှာ ၉ ယောက် ကျန်နေသေးတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်လာကြသူတွေဟာ အသက် ၁၉ နှစ်၊ အသက် ၃၀ နဲ့ ၃၁ နှစ်အရွယ် အမျိုးသား ၃ ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက် ညမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေဦးမြို့ပေါ် လူနေအိမ်တွေထဲအထိ အဓမ္မဝင်ရောက် ဖမ်းဆီးပေါ်တာဆွဲခံကြရတာလို့ ဆိုပါတယ်။

ရေဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ပြောရေးဆိုခွင့်ရှိသူ က DVB ကို  “အဲ့ဒီကိစ္စက ရေဦး ပကဖ ကပဲ တာဝန်ယူဆောင်ရွက်တာပါ။ သူတို့ကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့တော့ သိရပါတယ်ဗျ” ပြောပါတယ်။

နိုင်ငံနဲ့အဝန်း တိုက်ပွဲတွေအတွင်း အကျအဆုံးများနေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို အ ဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး စစ်သင်တန်းတွေကို ပို့ဆောင်လာတာဟာ အခု ဇန်နဝါရီ ၂၀ ရက်နေ့ဆိုရင် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ အထိ ရောက်ရှိလာပြီလည်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားတယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မုံရွာခရိုင် အမှတ် ၂၅ တပ်ရင်း (သံမဏိ Force) ဆီကနေ သိရပါတယ်။

သံမဏိ Force ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “သူက ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းတက်ခဲ့ရသူ ဖြစ်ပါတယ်။ သူ့ဇာတိကတော့ မကွေးတိုင်းထဲကပါ။ လုံခြုံရေး အခြေအနေတွေကြောင့် အခုရက်ပိုင်းမှ သတင်းထုတ်ပြန်ရတာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ စစ်ကောင်စီလက်အောက်ခံ ခမရ ၁၂ က တပ်သား ချစ်သူ ကိုယ်ပိုင်အမှတ် (ပသ-၁၁၄၆၀၉) ဖြစ်ကာ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည်အတောင့် ၁၀၀ တို့နဲ့အတူ ဇန်နဝါရီ ၇ ရက်မှာ အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

သံမဏိ Force ရဲ့ တာဝန်ခံ ကိုသံမဏိက “သူက ခမရ ၁၂ ကနေ တပ်မ ၃၃ ကို အပို့ခံရတယ်။ အဲဒီ တပ်မ ၃၃ ကနေမှ ရွှေဘို၊ ကျောက်မြောင်းဘက်ကိုပို့မယ့် အဖွဲ့ထဲကနေ စစ်ကိုင်းနဲ့ မြင်းမူကြားက နုံးတောစစ်တပ်ဂိတ်မှာ တာဝန်ကျနေတုန်းမှာပဲ သူ့အစ်ကိုရှိနေတဲ့ ကျနော်တို့တပ်ရင်းဆီကို ညီအစ်ကိုချင်း ဆက်သွယ်လာတာနဲ့ ချက်ချင်းပဲ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းနဲ့အဖွဲ့က သွားခေါ်ထုတ်လာကြတာပါ။ ကျနော်တို့အဖွဲ့ထဲမှာက သူ့အစ်ကိုလည်း ရှိနေတာရယ်၊ သူ့ဆန္ဒအရရယ်​ ကျနော်တို့တပ်ဖွဲ့ဝင်အနေနဲ့ စကစ ကို ပြန်တိုက်သွားမှာ ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတဲ့ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀ ချီးမြှင့်ပေးသွားဖို့ ဆောင်ရွက်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေသူကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မတရားစုဆောင်းခံရသူတွေ အနေနဲ့လည်း အလင်းဝင်ရောက်လိုပါက မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည့်သည့်အခြေအနေမှာမဆို ရအောင်ကယ်ထုတ်ပေးသွားမှာ ဖြစ်တယ်လို့လည်း သံမဏိ Force ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013