စစ်ရော်စစ်ဆင်ရေး (Operation Seagull) ဆိုတာ ခုမှ မြ၀တီကျားဖြန့် နှိမ်နင်းရေးမှာ အသံကျယ်ကျယ် ကြားလာရတာပါ။ ဒါပေမဲ့ ဒီစစ်ဆင်ရေးဟာ ခုမှ စတာမဟုတ်ပါဘူး။ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာကတည်းက ကိုးကန့်ခေါင်းဆောင် ပယ်ဆောက်ချိတ် ထိုးကြွေးခံရပြီး လောက်ကိုင်နဲ့ တရုတ်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းမှုမှာ တရုတ်တပ်တွေပါ ဝင်ရောက်လာခြင်းကနေ စတင်ခဲ့တာပါ။ ဒါကို အရင်က Operation Seagull ရယ်လို့ သိပ်မသိခဲ့ရပေမဲ့ ဒီနေ့ရောက်လာမှ ၂၀၂၄ ဩဂုတ်နဲ့ ဒီဇင်ဘာလကြား ဒီစစ်ဆင်ရေးကနေ အမှုပေါင်း ၁၆၀ ကို ဖြေရှင်းနိုင်ခဲ့ပြီးကြောင်း၊ သံသယတရားခံ ၇၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ကြောင်း၊ ပိတ်လှောင် လူမှောင်ခိုကူး ခံရသူပေါင်း ၁၆၀ ကျော်ကို ကယ်ထုတ်နိုင်ပြီးကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြလာတယ်။ မြန်မာဘက်က ဖမ်းပြီးလွှဲပေးခဲ့တာ ၅၀၀၀၀ ကျော်ရှိခဲ့တယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်တယ်။ ပြောရရင်တော့ Operation Seagull (Part I) က တရုတ်ရယ်၊ မြန်မာစစ်ကောင်စီရယ်၊ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ Bilateral efforts သဘော ဖော်ဆောင်ပြီး လောက်ကိုင် တကြောက ကျားဖြန့်လုပ်ငန်းတွေကို အမြစ်ဖြတ်ခဲ့တာပါ။
ခုတကြိမ် Operation Seagull (Part II) ကတော့ အရင်ကတည်းက စီစဉ်ထားတာမျိုး ဖြစ်နိုင်ပေမဲ့ အားချင်း စစ်ဆင်ရေးအကောင်အထည်ဖော်ဖို့ ဖြစ်တည်လာတာကတော့ တရုတ်နာမည်ကြီး သရုပ်ဆောင် ဝမ်ဇင်း (Wang Xing) က စတယ်လို့ ဆိုရမှာပါပဲ။ ကိုဗစ်-၁၉ ကပ်ဆိုးကာလအစကနေ ဒီကနေ့အထိ အရှေ့တောင်အာရှ အခြေပြု ကျားဖြန့်လုပ်ငန်းတွေဆီ လူမှောင်ခိုကူးခံရသူပေါင်းက သိန်းချီရှိခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်မှုမှာ ပါရှိခဲ့ပြီးသားပါ။ ဒါပေမဲ့ ဝမ်ဇင်းလို တရုတ်မှာ လူသိများတဲ့ သရုပ်ဆောင်တောင် မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီ မြို့က ကျားဖြန့်လုပ်ငန်းမှာ လိမ်ခေါ်ခံရပြီး အသည်းအသန်ဝိုင်းလိုက်တာတောင် ခေါင်းတုံးတုံးခံရပြီးမှ ပြန်ခေါ် ထုတ်နိုင်ခဲ့တော့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကိုယ်တိုင်က အာဆီယံ ခေါင်းဆောင်တွေ ဒီကျားဖြန့် ဒုစရိုက် ကွန်ရက်ကို အမြစ်ပြတ် တိုက်ဖျက်ဖို့ ဇန်နဝါရီလဆန်းပိုင်းကတည်းက ဖိအားပေး ပြောဆိုလာခဲ့တယ်။ ဒီလို ဖိအားပေးနေတဲ့ကြားက တရုတ်နိုင်ငံသားတွေ ထိုင်းကနေတစ်ဆင့် မြ၀တီကျားဖြန့်လုပ်ငန်းတွေဆီ လူမှောင်ခိုကူးခံရမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတော့ Operation Seagull (Part II) စတင်ဖို့ အချိန် အမြန်ဆုံး ရောက်လာတော့တာပါပဲ။
လောက်ကိုင်က ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံရဲ့ တောင်ပိုင်း လွတ်မြောက်နယ်မြေလို့ ခေါ်ရမယ့် မြ၀တီမြို့ သောင်းရင်းမြစ်တလျှောက် ပြောင်းရွှေ့ အခြေချလာမှုကနေ လူမှောင်ခိုမှုတွေက ဖုံးမနိုင်ဖိမနိုင် ဖြစ်တည်လာခဲ့တော့ မြ၀တီကို စိုးမိုးအုပ်ချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူး စောချစ်သူကိုယ်တိုင်က သူတို့နယ်မြေမှာ ကျားဖြန့်လို ဒုစရိုက်အလုပ်တွေကို လုံး၀လက်မခံဘဲ ဒေသခံတွေ အကျိုးစီးပွားအတွက် မြေယာငှား စီးပွားရေးလုပ်ခိုင်းရာက ဒုစရိုက်လုပ်ငန်းတွေ သယ်ဆောင်အခြေချလာတာကို အားလုံးနဲ့ ပူးပေါင်းတိုက်ဖျက်သွားမယ်ဆိုတဲ့ စကား ပြောထွက်လာတယ်။ မနှစ်ကတည်းက အောက်တိုဘာ အပြီး ကျားဖြန့်သမားတွေ မြ၀တီက ထွက်ဖို့ BGF က စာထုတ်ခဲ့သေးပေမဲ့ ဒီလုပ်ငန်းတွေဟာ ပိုပြီး အားကောင်းစွာနဲ့ ဆက်လက်လုပ်ဆောင်နေခြင်းဟာ တရုတ်နိုင်ငံကို အဓိကအားဖြင့် ပစ်မှတ်ထား၊ လူမှောင်ခိုမှုတွေ ဖြစ်တည်စေတာကြောင့် ဝမ်ယိဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ ဥက္ကဋ္ဌ ရာထူးရထားချိန် မြဝတီတကြောက ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းအမြစ်ဖြတ်မယ့် Operation Seagull (Part II) စတင်ဖို့ စီစဉ်လာခဲ့တာပဲဖြစ်ပါတယ်။
ဒီတကြိမ်ကတော့ တရုတ်နဲ့ မြန်မာနှစ်ဖက်တည်း Bilateral efforts သဘောနဲ့ တိုက်ဖျက်မှာမဟုတ်ဘဲ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ နယ်စပ်ဒေသတွေမှာပါ ဒီ ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ် ကွန်ရက်တွေကိုပါ ဖြိုလှဲနိုင်ဖို့ လန်ဆန်း - မဲခေါင် ပေါင်းစပ်ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး စင်တာ ((LMLECC) လက်အောက် ၆ နိုင်ငံ Collaborative efforts အသွင်နဲ့ အင်အားအလုံးအရင်းသုံး ဖြိုခွင်းသွားဖို့ စီမံကိန်းချမှတ်လိုက်တာပဲဖြစ်ပါတယ်။ တရုတ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် ၆ နိုင်ငံ ပူးပေါင်းပြီး သတင်းအချက်အလက်တွေ ဖလှယ်၊ စုံစမ်းစစ်ဆေးမှု အချက်အလက်တွေ စုဆောင်း၊ တရုတ်တပ်တွေရော ဒီ ၆ နိုင်ငံ စလုံးက လုံခြုံရေးတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး ကမ္ဘာနာမည်ဆိုးနဲ့ ကျော်ကြားလွန်းနေတဲ့ ကျားဖြန့်အဆောက် အအုံကြီးကို ဖြိုလှဲဖို့ စီစဉ်ခဲ့တာပါ။ ထိုင်းတော်ဝင်တပ်မတော် အကြီးအကဲတွေ နေပြည်တော်သွားပြီး စကစ ဒုချုပ် စိုးဝင်းတို့ နဲ့ တွေ့တယ်။ ဒီတပတ်ထဲ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တရုတ်က ဦးဆောင်ပြီး “Safe Lancang-Mekong” operation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Operation SEAGULL (Part II) ကို အကောင်အထည်ဖော်ဖို့ ဒီ ၆ နိုင်ငံအပြင် အာဆီယံရဲချုပ်များအဖွဲ့ (ASEAN Chiefs of Police) ရော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) တာဝန်ရှိသူတွေပါ တက်ရောက်လို့ အကြီးစား စစ်ဆင်ရေး ကြီးဖော်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။ ဒီအထဲမှာမှ တရုတ်၊ ထိုင်း၊ မြန်မာ ၃ နိုင်ငံသီးသန့်က မြ၀တီတကြောက ကျားဖြန့်လုပ်ငန်းတွေကို ကနဦး ၆ လစစ်ဆင်ရေးနဲ့ စတင်ထိုးစစ်ဆင်ဖို့ မူဝါဒ ချမှတ်လိုက်တယ်။ ထိုင်းအာဏာပိုင်တွေဘက်က ၆ လမှ မရရင် ပိုပြီး အရှိန်အဟုတ်မြှင့်တင်မယ့် နောက်တိုး စစ်ဆင်ရေး ထပ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်တယ်။
ပြဿနာတခုရှိနေခဲ့တာကတော့ နေပြည်တော်မှာ ထိုင်းနဲ့ စကစ ကိုယ်စားလှယ်တွေ ကျားဖြန့်အရေး ဆွေးနွေးအပြီး နောက်တရက် မြန်မာ့အလင်းသတင်းစာမှာ ဒီမြ၀တီ ကျားဖြန့်လုပ်ငန်းတွေဟာ အိမ်နီးချင်းနိုင်ငံတွေကနေ လုပ်နေတာဖြစ်တယ်လို့ အာဘော်သုံးဖော်ပြသွားတဲ့ကိစ္စပါ။ ဒါဟာ ထိုင်းကို စကစ ဘက်က တိုက်ရိုက် ခေါင်းလွှဲ ချတာဖြစ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်နေ့မှာပဲ ထိုင်းဟာ ကျားဖြန့်၊ တရားမဝင် အွန်လိုင်းလောင်းကစား၊ လူမှောင်ခို၊ မူးယစ်ဆေးဝါးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ဒုစရိုက်သမားတွေကို အထောက်အပံ့ပေး၊ မျက်ကွယ်ပြုထားတဲ့ မူဝါဒ လုံး၀မရှိကြောင်းနဲ့ တကယ်လို့ ထိုင်းဘက်က လူတွေ တရားခံစာရင်းထဲပါရင် မြန်မာ (စကစ) နဲ့ပါပေါင်းပြီး အပြင်းထန်ဆုံး စုံစမ်းဖော်ထုတ် အရေးယူသွားမှာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။
ဟောင်ကောင် သုတေသနစင်တာ အာရှလေ့လာရေးအဖွဲ့ ဒါရိုက်တာ ပန်နီယန်း က အရင် ကြိုးကြားကြိုးကြား နှစ်နိုင်ငံသဘောတူညီမှုလောက်နဲ့ ကျားဖြန့်လုပ်ငန်းက ဓားစာခံတွေကို ကယ်ဆယ်တာ၊ တရားခံတွေကို ဖမ်းဆီးတာမျိုးထက် အခု Operation SEAGULL (Part II) ဟာ ကျယ်ပြန့်တဲ့ တရားဥပဒေ စိုးမိုးရေးနယ်ပယ်နဲ့အတူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားတခုအသွင် ထိရောက်စွာ စစ်ဆင်ရေး ဆင်နွှဲမှာဖြစ်လို အထူးအောင်မြင်မယ့် စစ်ဆင်ရေးအဖြစ် မြင်တွေ့ရနိုင်မှာပါလို့ Global Times မှာ သုံးသပ်ပြောဆိုသွားပါတယ်။ ဒါပေမဲ့ ဒီကျားဖြန့် ဒုစရိုက်ရပ်ဝန်းကြီး ချက်ချင်း ရပ်တန့်သွားဖို့ကတော့ မဖြစ်နိုင်သေးဘဲ ပထမအဆင့်မှာ ဓားစာခံများစွာကို ကယ်ထုတ်နိုင်ရေး၊ တယ်လီကွန်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်း တချို့ ရပ်တန့်သွားရေး၊ ဆက်စပ် ရာဇဝတ်မှုတွေ လျော့ကျသွားရေးလောက်အတွက်သာ ဦးတည်ရမှာဖြစ်ပြီး လန်ဆန်း-မဲခေါင် ဒေသတကြောမှာ ဒီ ကျားဖြန့်ဂိုဏ်းတွေဟာ တနေရာပြီးတနေရာ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့ အခြေချမှုတွေကတော့ ရှိလာဦးမှာဖြစ်ကြောင်း ပန်နီယန်းက သုံးသပ်ခဲ့တယ်။ ဒါတွေကို အမြစ်ဖြတ် နှိမ်နင်းနိုင်ဖို့ကတော့ ဒီဒေသတွင်း နိုင်ငံအားလုံး သတင်းအချက်အလက် စုပေါင်းဖလှယ်မှု၊ ကျားဖြန့်ဂိုဏ်းတွေကို အမိအရ ဖော်ထုတ်ပြီး ခေါင်းဆောင်တွေရော နောက်လိုက်တွေကိုပါ လက်ရ ဖမ်းဆီးနိုင်ဖို့ အကွက်စေ့ စွာ လုပ်ဆောင်နိုင်မှ အောင်မြင်မှု ကြီးကြီးမားမားရမှာဖြစ်ကြောင်း ဆိုတယ်။
လတ်တလောမှာတော့ တရုတ်ဘက်က ဇန်နဝါရီနှောင်းပိုင်း တရုတ်နှစ်သစ်ကူးကာလမှာ ထိုင်းကို မသွားကြဖို့ ဖိအားပေးတိုက်တွန်းထားလို့ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ကိုယ်တိုင် AI ကို အသုံးပြုပြီး သူတို့နိုင်ငံ ပြည်ပ ခရီးသွားလုပ်ငန်းရဲ့ အဓိက ဖောက်သည် တရုတ်တွေ ထိုင်းကိုလာရင် လုံခြုံရေးအာမခံချက်ပေးပါကြောင်း ထုတ်ပြန်နေရပါပြီ။ ဒါပေမဲ့လည်း ဒီလိုကာလမှာ တရုတ်ခရီးသွား သန်းချီ ထိုင်းကို လာရောက်မှုကတော့ Operation SEAGULL (Part II) ကြောင့် ထိုင်းအကျိုးစီးပွားကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေခဲ့ပါပြီ။ ဒီရက်ထဲ မြ၀တီတဖက်ကမ်း မဲဆောက်မှာလည်း စစ်ကား၊ ရဲကား၊ လုံခြုံရေးဝန်ထမ်းများစွာနဲ့ အေဂျင်စီများစွာ ပျားပန်း ခတ်လှုပ်ရှားနေကြပြီး အသားမဖြူရဲလောက်အောင် ဖြစ်နေရတဲ့ မဲဆောက်နေသူတွေအဖြစ်ကိုလည်း မြင်တွေ့ နေကြရပါပြီ။ Operation SEAGULL (Part II) ဟာ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအတွက်၊ တော်လှန်ရေးမှာ ရှုပ်ထွေးတဲ့ တောင်ပိုင်းအရွေ့အတွက်လည်း များစွာ သက်ရောက်လာတော့မှာဖြစ်ကြောင်း တင်ပြလိုက်ရ ပါတယ်။
နွေလူ